
သန့်ဇင်(NP News)-နိုဝင်ဘာ ၅
ဘာသာရေးဖွဲ့စည်းမှုနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ကမောက်ကမဖြစ်စေသည့် စည်းရုံးမှုများကြောင့်ဟုဆိုကာ အမျိုးသမီး(၄) ဦးကို ယမန်နေ့(နိုဝင်ဘာ ၄ ရက်)တွင် UWSA “ဝ” အဖွဲ့က ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ အမျိုးသမီး (၄) ဦးကို ဖမ်းဆီးကာ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက်မှ သြဂုတ်လ (၂၀) ရက်အထိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့နှင့် အတူ သံသယရှိသူ (၄၂) ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ကျူးလွန်သူအမျိုးသမီး (၄) ဦးမှာ ဟွမ်ရှောက်ရှန်း (Huang Xiaoxiang)၊ ယေ့ချင်း (Ye Qing)၊ ယေ့ရုန်း (Ye Rong)နှင့် အိုမင် (Ouming) အပါအဝင် သံသယရှိသူ (၄၂) ဦးနှင့်အတူ ဖုန်း (၃၈) လုံး၊ လက်ပ်တော့ (၁) လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် အမှုနှင့်သက်ဆိုင်ခြင်းမရှိသူ (၃၈) ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဟွမ်ရှောက်ရှန်း ကိုတရားမဝင် ဘာသာရေးဖွဲ့စည်းမှုဖြင့် ထောင်ဒဏ် (၇) နှစ်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကမောက်ကမ ဖြစ်စေသော စည်းရုံးလှုံ့ဆော်မှုဖြင့် ထောင်ဒဏ် (၆) နှစ် နှင့် ကျန် (၃) ဦးကို ထောင်ဒဏ် (၃) နှစ်စီအသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
"ဝ" အဖွဲ့ UWSA သည်တရားမဝင် ဘာသာရေးအဖွဲ့အစည်းများဖြစ်သည့် ဒေသအခေါ် ယေရှု့တရုတ်မဂိုဏ်းအဖွဲ့များ ဝင်ရောက်လှုပ် ရှားလာသဖြင့် ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်ကစတင်ကာ နေရာ(၄) ခုမှ ခရစ်ယာန်ဘုရားကျောင်းတွေများအား ယာယီပိတ်သိမ်းခဲ့ပြီး (၂) လအကြာတွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြရေးသားချက်အရ သိရသည်။
