
ALynn (NP News)- နိုဝင်ဘာ ၅
ကမ္ဘာ့လူသုံးကုန်ပစ္စည်း ကုမ္ပဏီကြီး Unilever သည် မြန်မာနိုင်ငံရှိ ၎င်း၏ ရှယ်ယာများကို ရောင်းချကာ လုပ်ငန်းများ ထွက်ခွာတော့မည်ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၅) ပြောကြားခဲ့သည်ဟု ရိုက်တာသတင်း၏ ဖော်ပြချက်အရ သိရသည်။
“Unilever EAC Myanmar Company Limited (UEMCL) မှာ ပါဝင်တဲ့ Unilever ရဲ့ ရှယ်ယာတွေကို ဒေသတွင်း အကျိုးတူလုပ်ငန်း မိတ်ဖက်ဖြစ်တဲ့ Europe and Asia Commercial Company Limited (EAC) ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Centig Holding Company Limited ထံ ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်” ဟု Unilever ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာန၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
(၂၀၁၀) ပြည့်နှစ်တွင် မြန်မာ့ဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့သည့် Unilever သည် (၂၀၁၇) ခုနှစ်တွင် EAC ကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်း သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
Unilever ကုမ္ပဏီသည် Lifebuoy၊ Sunsilk၊ Dove၊ Pond's၊ Clear၊ Lux၊ Close-Up နှင့် Signal စသည့် တစ်ကိုယ်ရေသုံး သန့်စင်ရေးနှင့် အလှအပဆိုင်ရာ ပစ္စည်းများ၊ Rin နှင့် Win စသည့် အိမ်သုံး သန့်ရှင်းရေးသုံး ပစ္စည်းများ အပြင် Knorr အပါအဝင် စားသောက်ကုန်များ ကိုလည်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။
Unilever ၏ ရှယ်ယာအရောင်းအဝယ် လုပ်ငန်းစဉ်များကို (၂၀၂၇) ခုနှစ်တွင် အပြီးသတ်ရန် မျှော်မှန်းထားပြီး ဥပဒေနှင့် စည်းမျဉ်းဆိုင်ရာ အတည်ပြုချက်များ ရယူရန် လိုအပ်နေသေးကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သော်လည်း ငွေကြေးပမာဏဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
ကမ္ဘာ့ဘဏ်သည် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင် အကျပ်အတည်း မဖြစ်ပေါ်မီက (၂၀၂၆-၂၇) ဘဏ္ဍာနှစ်အတွက် မြန်မာ့စီးပွားရေး တိုးတက်မှုကို (၃ ဒသမ ၀) ရာခိုင်နှုန်း ခန့်မှန်းခဲ့သော်လည်း အမှန်တကယ် GDP တိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ဇွန်လတွင် (၂ ဒသမ ၀) ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ခဲ့သည်။