NP News

စိန်ဟန်းချိန်းခိုးယူသည်ဟု စွပ်စွဲခံရသည့် အမျိုးသမီး အချုပ်အတွင်းတစ်ညအိပ်ရသည့်အပေါ် သရုပ်ဆောင်မေကဗျာ ဝေဖန်ခံနေရ

သန့်ဇင်(NP News)-နိုဝင်ဘာ ၅
အမျိုးသမီးတစ်ဦးအား သရုပ်ဆောင်မေကဗျာက စိန်ဟန်းချိန်းခိုးယူသည်ဟုဆိုကာ စွပ်စွဲသည့်အတွက် အချုပ်ခန်းတစ်ခုအတွင်း တစ်ညအိပ်ရသည့်အပေါ် အင်တာနက်စာမျက်နှာများထက်တွင် ဝေဖန်မှုမြင့်တက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက သရုပ်ဆောင်မေကဗျာသည် မကွေးမြို့သို့ သွားရောက်ခဲ့စဉ် ၎င်း၏ စိန်ဟန်းချိန်းတစ်ကွင်း ပျောက်သွားခဲ့သည့်အတွက် လာရောက်နှိပ်နယ်ပေးသည့် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအား ခိုးယူသည်ဟု စွပ်စွဲခဲ့ကြောင်း ထွက်ပေါ်နေသည့် သတင်းများအရ သိရသည်။
ထို့နောက် စွပ်စွဲခံရသည့် အဆိုပါ အမျိုးသမီးအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ခေါ်ယူကာ စစ်ဆေးခဲ့ကြောင်း သိရသည်။
“မင်းသမီးက ဈေးရောင်းရင်း စိန်လက်ပတ်ကြိုးပျောက်တယ်ဗျာ။ စွပ်စွဲခံရတဲ့ အမျိုးသမီးက သွားနှိပ်တယ်။ သွားနှိပ်တဲ့အခါမှာ သူစိန်လက်ပတ်ကြိုးပျောက်တာကိုသိတယ်။ သိတော့ ဒီအမျိုးသမီးပဲဆိုပြီး သူတို့ ခေါ်ယူမေးမြန်းတယ်ပေါ့ဗျာ။ နောက်ဆုံး ခင်ဗျားတို့သိတဲ့အတိုင်းပဲ စခန်းရောက်သွားတယ်။ နောက်ကျတော့ စိန်လက်ပတ်ကြိုးက ကန်ပြားဘက်က သူတစ်ယောက်က ပြန်တွေ့လို့ ပြန်လာအပ်တယ်။ အဲဒီတော့ ဒီစွပ်စွဲခံရတဲ့ အမျိုးသမီးက ပြန်လွတ်လာတယ်ပေါ့”ဟု ဖြစ်စဉ်အား ကူညီပေးနေသူ ကိုမိုး(မကွေးပရဟိတ) ဆိုသူက ၎င်း၏ TikTok စာမျက်နှာတွင် ပြောဆိုထားသည်။
စွပ်စွဲခံရသည့် အမျိုးသမီးသည် စစ်ဆေးစဉ်ကာလအတွင်း နှိပ်စက်ခံခဲ့ရကြောင်းနှင့် အချုပ်ခန်းအတွင်း တစ်ညတာ အိပ်စက်ခဲ့ရကြောင်း သိရသည်။
ထို့နောက် သရုပ်ဆောင်မေကဗျာ၏ စိန်ဟန်းချိန်း ပြန်လည်တွေ့ရှိပြီးနောက် စွပ်စွဲခံရသည့် အမျိုးသမီးထံ သရုပ်ဆောင်မေကဗျာမှ သွားရောက်တောင်းပန်ခဲ့ရာတွင်လည်း နစ်နာငွေကျပ် (၁) သိန်းနှင့် မုန့်ပုံးတစ်ပုံးသာ ပေးခဲ့ကြောင်း ထွက်ပေါ်နေသည့် သတင်းများအရ သိရသည်။
ထို့ကြောင့် သရုပ်ဆောင်မေကဗျာအား လူမှုကွန်ရက်အသုံးပြုသူများအကြား ဝေဖန်မှုများ မြင့်တက်နေပြီး အချို့သော မှတ်ချက်များအတွင်း မြေနိမ့်ရာ လှံစိုက်သူဖြစ်ကြောင်းနှင့် နစ်နာသူဘက်မှ သရုပ်ဆောင်မေကဗျာအား ပြန်လည်တရားစွဲမည်ဆိုပါက ကုန်ကျစရိတ်များ တာဝန်ယူမည်ဖြစ်ကြောင်းလည်း ရေးသားထားကြောင်း သိရသည်။

မူရင်းသတင်း — NP News