NP News

ဂျာကာတာတွင် စစ်အင်အား နှစ်သောင်းကျော် အရေးပေါ်တပ်ဖြန့်၊ ရဲနှင့် စစ်တပ် အား ပြိုင်မှု အင်ဒိုနီးရှား ဒီမိုကရေစီနောက်ကြောင်းပြန်ရန် စိန်ခေါ်နေ

HtayOung (NP News)- နိုဝင်ဘာ ၅
သမ္မတ ပရာဘိုဝို ဆူဘီယန်တို့ကို ပစ်မှတ်ထားတဲ့ တရားမဝင် ဖုန်းခိုးနားထောင်မှု အရှုပ်တော်ပုံ ပေါ်ပေါက်လာပြီးနောက် အင်ဒိုနီးရှား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြား တင်းမာမှု မြင့်တက်နေတယ်။ မြို့တော် ဂျာကာတာရဲ့လုံခြုံရေးကို ထိန်းချုပ်ရန် စစ်တပ်က တပ်ဖွဲ့ဝင် (၂၀,၀၀၀) ကျော် အလုံးအရင်းနဲ့ ဖြန့်ချလိုက်တယ်လို့ Jakarta Post (5 November 2026) က ရေးတယ်။
သမ္မတရဲ့ ပြည်တွင်းရေးရာ အကြံပေးအရာရှိချုပ်လည်းဖြစ်၊ အမျိုးသားရဲချုပ်ဟောင်းလည်းဖြစ်သူ လစ်စကျို ဆီဂျစ် ပရာဘိုဝို အပါအဝင် ထိပ်တန်းရဲအရာရှိကြီး (၃) ဦးကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ယခုလို ပေါ်ပေါက်လာခြင်းဖြစ်တယ်။
ဖုန်းခိုးနားထောင်မှုဟာ အစိုးရယန္တရားကို ပျက်ပြားစေရန် ရည် ရွယ်ပြီး "နိုင်ငံတော်သစ္စာဖောက်မှု" သို့ ဦးတည်တဲ့ လုပ်ရပ်ဖြစ်ကြောင်း သမ္မတနန်းတော်က ပြင်းထန်စွာ စွပ်စွဲ ထားတယ်။
စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့ဟာ သမ္မတသာမက ဝန်ကြီးများ၊ နိုင်ငံရေးသမားများနဲ့ စီးပွား ရေး လုပ်ငန်းရှင်ကြီးများကိုပါ ပစ်မှတ်ထားခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ လျှို့ဝှက်ထောက်လှမ်းခဲ့ခြင်းဖြစ်ပြီး သက်သေများကိုလည်း ဖျက်ဆီးရန် ကြိုးပမ်းကြောင်း သိရှိရတယ်။
အင်ဒိုနီးရှားတပ်မတော်စစ်သေနာပတိချုပ်ရဲ့ အမိန့်အရ မြို့တော်အတွင်း ရေတပ်နဲ့မရိန်းတပ်ဖွဲ့ဝင် (၂၀,၀၀၀) ကျော်ကို ရုတ်တရက် ဖြန့်ကြက်ခဲ့ပြီး အခြားတပ်ဖွဲ့ဝင် (၁၃,၀၀၀) ကျော်ကိုလည်း စစ်အခြေစိုက်စခန်းများမှာ အသင့်ပြင်ဆင်ထားကြောင်း၊ ယခုကိစ္စဟာ ပုံမှန်လုံခြုံရေးအရ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ စစ်တပ်က ပြောဆိုပေမယ့် လက်ရှိသမ္မတ ပရာဘိုဝိုနဲ့ ရဲတပ်ဖွဲ့ထိပ်ပိုင်းအရာရှိကြီးများကြား ပြင်းထန်တဲ့ အာဏာပြိုင်ဆိုင်မှုဖြစ်ပြီး တိတ်တဆိတ် အာဏာလွှမ်းမိုးရန် ကြိုးပမ်းမှု ဖြစ်စဉ်ကို စစ်တပ်က ဝင်ရောက်ထိန်းညှိခြင်းဖြစ်ကြောင်း နိုင်ငံ ရေးလေ့လာသူများက သုံးသပ်ကြတယ်။
ယခုလို နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အင်ဒိုနီးရှား ရှယ်ယာဈေးကွက် (IDX) ဟာ (၃.၇၈ %) အထိ ရုတ်တရက် ထိုးကျသွားခဲ့ပြီး ရူးပြားငွေတန်ဖိုးမှာလည်း အမေရိကန်တစ်ဒေါ်လာလျှင် (၁၈,၂၀၀) ရူးပြားအထိ စံချိန်တင် အားပျော့သွားတယ်။
စီးပွားရေး အကျပ်အတည်းမှာ ပိုမိုနက်ရှိုင်းလာပြီး ၁၉၉၈ ခုနှစ်မှာ ဒီမိုကရေစီစနစ်သို့ ကူး ပြောင်းခဲ့တဲ့ အင်ဒိုနီးရှားဟာ စစ်တပ်ဩဇာ ပြန်လည်လွှမ်းမိုးလာခြင်းနဲ့အတူ ဒီမိုကရေစီ နောက်ကြောင်းပြန် လှည့်သွားနိုင်တဲ့အထိ ကြီးမားတဲ့ အမျိုးသားလုံခြုံရေး စိန်ခေါ်မှုနဲ့ရင်ဆိုင်နေရတယ်။
လက်ရှိ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ အင်ဒိုနီးရှားနိုင်ငံကို နှစ်ပေါင်း (၃၀) ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာ ရှင်ဟောင်း သမ္မတ ဆူဟာတိုရဲ့ သမက်ဟောင်း ဖြစ်တယ်။
အင်ဒိုနီးရှားတပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အထူးတပ်များမှာ တပ်မှူးဖြစ်ခဲ့တဲ့အတွက် အလွန်ဩဇာကြီးမားတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက် လက်စဖျောက်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူဖြစ်တယ်။
စစ်တပ်က အနားယူပြီးနောက် ဂရင်ဒရာ အမည်ရှိ နိုင်ငံရေးပါတီကို ထူထောင်ကာ ယခင်သမ္မတ ဂျိုကို ဝီဒိုဒို လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် တင်မြှောက်ခံရတယ်။
ပရာဘိုဝိုဟာ သမ္မတဟောင်း ဂျိုကို ဝီဒိုဒိုရဲ့ သားဖြစ်သူ ဂျီဘရန်နဲ့ တွဲဖက်ကာ သမ္မတရာထူး ရရှိခဲ့ ခြင်းဖြစ်တယ်။ ဒါပေမဲ့ အာဏာရရှိလာပြီးနောက်ပိုင်း သမ္မတဟောင်း ဂျိုကိုဝီရဲ့ ရဲတပ်ဖွဲ့နဲ့ အစိုးရအဖွဲ့ အတွင်း လူရင်းများကို ရာထူးမှ ဖယ်ရှားကာ သူ့ရဲ့စစ်ဘက်လူရင်းများနဲ့ အာဏာပြန်လည်စုစည်းဖို့ ကြိုးပမ်း နေ ခြင်းကြောင့် အစိုးရအဖွဲ့အတွင်း ပြင်းထန်တဲ့ နိုင်ငံရေးအာဏာလုပွဲဖြစ်ပွားနေတယ်။
အင်ဒိုနီးရှားရဲ့ တတိယသုံးလပတ် ဂျီဒီပီ တိုးတက်မှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုနှေးကွေးနေပြီး ဘဏ္ဍာ ရေးလိုငွေပြမှု မြင့်မားနေတယ်။ ဒါ့ပြင် စက္ကူနဲ့အထည်အလိပ်လုပ်ငန်းတို့လို အဓိကကုန်ထုတ်လုပ်မှုလုပ်ငန်း ကြီးများ ဒေဝါလီခံရခြင်းကြောင့် အလုပ်လက်မဲ့ဦးရေ အစုအပြုံလိုက် တိုးပွားတဲ့ အကျပ်အတည်းနဲ့ ရင် ဆိုင် နေရတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အလုအယက်ထွက်ခွာခြင်းက စီးပွားရေးကို ပိုမိုအထိနာစေခဲ့တယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အင်ဒိုနီးရှား မီဒီယာများရဲ့ ဖော်ပြချက်အရ ဖုန်းခိုးနားထောင်မှုဟာ ရဲဗိုလ်ချုပ်ကြီး (၃) ဦး တည်းက သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ဘဲ အရပ်ဘက်မှ နိုင်ငံရေးသမားများနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း ပတ်သက်နေကြောင်း အထောက်အထား ခိုင်မာတယ်လို့ ဆိုတယ်။
ယခုဖြစ်ရပ်ဟာ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ပရာဘိုဝိုက သူ့ရဲ့ အာဏာကို စိန်ခေါ်လာတဲ့ ရဲတပ်ဖွဲ့အတွင်း အုပ်စုများ၊ နိုင်ငံရေး/စီးပွားရေး ကွန်ရက်မျာ။ကို စစ်တပ်အင်အားသုံးပြီး တုံ့ပြန်ခြင်းအဖြစ်တွေ့မြင်ရတယ်။

မူရင်းသတင်း — NP News