
စော(NP News)-နိုဝင်ဘာ ၅
ဧပြီလမှ နိုဝင်ဘာ (၅)ရက်နေ့အထိ FX Online Trading Platform နှင့် AD လိုင်စင်ရ ဘဏ်များမှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း (၂၂၀၀)ကျော် ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ (နိုဝင်ဘာ ၅ရက်)နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်အတွက် နေ့စဉ် လိုအပ်သော ကုန်စည်များအတွက် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်၊ အိန္ဒိယရူပီးတို့ကို FX Online Trading Platform တွင် AD လိုင်စင်ရ ဘဏ်များမှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးလျက်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် Website နှင့် နေ့စဉ်နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန် ကြေညာပေးလျက် ရှိကြောင်း သိရသည်။
ယခုနှစ်၊ ဧပြီလမှ ယနေ့(နိုဝင်ဘာ ၅ရက်)အထိ FX Online Trading Platform နှင့် AD လိုင်စင်ရ ဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ (၂,၂၂၁ဒသမ၂) သန်း၊ တရုတ်ယွမ် (၁,၉၀၇ဒသမ၁) သန်း၊ ထိုင်းဘတ် (၆,၇၁၂ ဒသမ ၈) သန်း၊ အိန္ဒိယရူပီး (၇၄ဒသမ၅) သန်းခန့်တို့အား သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ (၁,၇၀၃) သန်းခန့်အား ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တရားဝင်ငွေလဲလှယ်နှုန်းများကို ဗဟိုဘဏ် Website နေ့စဉ်တွင် ထုတ်ပြန်ကြေညာပေးလျက်ရှိသဖြင့် Money Changer များတွင် လည်းကောင်း၊ ဘဏ်နှင့် Customer များအကြားတွင်လည်းကောင်း ဝယ်ယူရောင်းချခြင်းများ အတွက် သတ်မှတ်ထုတ်ပြန်ထားသော နိုင်ငံခြားငွေ လဲလှယ်နှုန်းများဖြင့် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက လည်းကောင်း ၊ သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူခြင်း၊ ရောင်းချခြင်း မပြုပါကလည်းကောင်း နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက် လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ နှင့် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။