NP News

ရွှေကုက္ကိုလ်တွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ (၉) လုံး ဖြိုချပြီးစီး

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၆

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ (၉) လုံး ဖြိုချပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါအဆောက်အအုံများကို အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ထပ်မံလုပ်ကိုင်နိုင်ခြင်း မရှိစေရန် ရည်ရွယ်၍ ယာဉ်ယန္တရားများဖြင့် ဖြိုချခြင်းနှင့် ဖောက်ခွဲဖြိုချခြင်း တို့ဖြင့် စနစ်တကျဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်ယန္တရားများဖြင့် ဖြိုချနေသည့် (၆) ထပ်အဆောက်အအုံတစ်လုံးမှာ ယမန်နေ့ (နိုဝင်ဘာ ၅ ရက်) တွင် (၁၀၀) ရာခိုင်နှုန်း ဖြိုချပြီးစီးခဲ့သဖြင့် ဖြိုချမှုပြီးစီးခဲ့သည့် အဆောက်အအုံမှာ (၉) လုံးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း ဖြိုချဖျက်ဆီးရန် ကျန်ရှိသည့် အဆောက်အအုံ (၆၃) လုံးအနက် (၉) လုံးကို ဖြိုချပြီးစီးခဲ့သဖြင့် ကျန်ရှိသည့် အဆောက်အအုံ (၅၄) လုံးကိုလည်း အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆောက်အအုံများကို ယာဉ်ယန္တရားများဖြင့် ဖြိုချမည့်အဆောက်အအုံ၊ ဖောက်ခွဲဖြိုချမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့် နီးကပ်နေသည့်အတွက် လူအင်အားအသုံးပြု၍ တစ်လွှာချင်းဖြိုချမည့်အဆောက်အအုံဟူ၍ ခွဲခြားဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း အခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်ပါ ပူးပေါင်းညှိနှိုင်းကာ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

မူရင်းသတင်း — NP News