NP News

မန္တလေး တွင် (၂) ရက်အတွင်း လူတစ်ဦးတည်းက ပစ်ခတ်၊ လုယက်မှု (၃) ခု ကျူးလွန်ခဲ့ပြီး ဖမ်းမိရေး တာဝန်ရှိသူများ ရှာဖွေနေ

သုတကျော် (NP News) - နိုဝင်ဘာ ၆
မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် နှင့် ချမ်းအေးသာစံမြို့နယ်တို့ တွင် (၂) ရက် အတွင်း လူတစ်ဦးတည်းက ပစ်ခတ်၊ လုယက်မှု (၃) ခု ကျူးလွန်ခဲ့ပြီး ဖမ်းမိရေး တာဝန်ရှိသူများ ရှာဖွေနေကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူများထံ က သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်၊ ညနေပိုင်း ၃ နာရီကျော် အချိန်က ချမ်းအေးသာစံမြို့နယ် အတွင်း တစ်ရက်တည်း သေနတ်ဖြင့် ပစ်ခတ်၊ လုယက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် ပထမ ဖြစ်စဉ်မှာ Pro Solar Energy & Led Lighting အရောင်းဆိုင်သို့ အမျိုးသားတစ်ဦးက လာရောက်ကာ သေနတ်အတိုဖြင့် နှစ်ချက်ပစ်ခတ်၍ ငွေတောင်းခံခဲ့ခြင်းဖြစ်သော်လည်း ယင်းဖြစ်စဉ်တွင် ငွေပါသွားခဲ့ခြင်း မရှိကြောင်း သိရသည်။
ယင်းနောက် ညနေပိုင်း ၅ နာရီ နှင့် ၆ နာရီ ကြားတွင် Lwin ဖုန်းဆိုင်သို့ အလားတူပင် သေနတ်အတိုဖြင့် နှစ်ကြိမ် ပစ်ခတ်ခြိမ်းခြောက် ငွေတောင်းခံခဲ့ပြီး ကောင်တာ အတွင်းရှိ ဖုန်း လေးလုံးကို ရိုက်ခွဲကာ ရယူသွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နိုဝင်ဘာလ ၅ ရက် ၁ နာရီခွဲ အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကေကျးရွာ ရှိ ထာဝရဖုန်းဆိုင်သို့ ဆိုင်ကယ်ဖြင့် ရောက်လာကာ ငွေတောင်းခံသည့် အတွက် ဆိုင်ရှင်အမျိုးသမီးက ကြောက်၍ ဆိုင်နောက်ထွက်ပြေးစဉ် အမျိုးသားဖြစ်သူက ထွက်လာမေးရာ သေနတ်ဖြင့် (၂) ကြိမ် ပစ်ခတ်သောကြောင့် အဆိုပါ အမျိုးသားတွင် စိုးရိမ်ရဒဏ်ရာ ရရှိပြီး ပစ်ခတ်သူမှာ စီးလာသောဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် အပစ်ခံရသူ၏ ဦးလေးနှင့် အခြားတစ်ဦးက မော်တော်ယာဉ်ဖြင့် ပစ်ခတ်သူနောက် လိုက်ရာ ပုသိမ်ကြီးမြို့နယ်၊ လိမ်ပင်ကျေးရွာ ရွာလယ်လမ်းတွင်တွေ့ရာ အဆိုပါသေနတ်သမားက လိုက်လာသူနှစ်ဦးကို ထပ်မံပစ်ခတ်သည့်အပြင် ယာဉ်ပေါ်သို့ လက်ပစ်ဗုံးကို စနက်တံဖြုတ်၍ ပစ်ထားခဲ့ကြောင်း သိရသည်။
ယင်းသေနတ်သမားကပင် လိန်ပင်ကျေးရွာအတွင်းရှိ အမျိုးသမီးတစ်ဦး၏ နေအိမ်မှ ဆိုင်ကယ်ကို သေနတ်ဖြင့်ချိန်၍ လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ပြီး သေနတ်ပစ်ခံရသူ သုံးဦးအနက် ပထမဆုံး အပစ်ခံရသူမှာ သေဆုံးသွားခဲ့ပြီး အခြားနှစ်ဦးမှာ စိုးရိမ်ရအခြေအနေရှိကြောင်း သိရသည်။
ထို့ပြင် လိန်ပင်ကျေးရွာမှ လုသွားသည့် ဆိုင်ကယ်ကို လိန်ပင်ကျေးရွာ၊ မင်္ဂလာရန်ကင်း အိမ်ရာ အနီး တွေ့ရသဖြင့် ပြန်လည်သိမ်းဆည်းထားပြီး ၎င်းပစ်ခတ်ခဲ့သော လက်ပစ်ဗုံးကိုလည်း မပေါက်ကွဲပဲတွေ့သဖြင့် ဖောက်ခွဲဖျက်စီးလိုက်ကြောင်း သိရသည်။
တာဝန်ရှိသူများက သေနတ်သမားကျန်ခဲ့သည့် ၎င်းဆိုင်ကယ်အတွင်းမှ ဆိုင်ကယ်နှင့် ပတ်သက်သော အချက်အလက်များရရှိခဲ့ပြီး ထပ်မံဖော်ထုတ်ချက်များအရ ကျူးလွန်သူမှာ တစ်ဦးတည်းဖြစ်ကြောင်းနှင့် အမည်၊ နေရပ်လိပ်စာတို့ကို ဖော်ထုတ်နိုင်ခဲ့ရာ ၎င်း၏အိမ်အတွင်းမှာ ပစ္စတိုအိတ် (၁) လုံး၊ စကားပြောစက် (၃) လုံး၊ PDF ဦးထုပ် (၁) လုံး၊ ပြောက်ကျားအကျီ (၆) ထည်တို့အား သိမ်းဆည်းရမိပြီး ကျူးလွန်သူကို အမြန်ဆုံး ဖမ်းမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

မူရင်းသတင်း — NP News