
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၆
ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် ငှက်မျိုးစိတ် (၁၂) မျိုးသည် ယခုနှစ်ဆောင်းဦးရာသီတွင် ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ဆောင်းခိုငှက်များအဖြစ် စတင်ဝင်ရောက်ကျက်စားနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘေးမဲ့တောသို့ ကမ္ဘာ့မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော ငှက်မျိုးစိတ်များဖြစ်သည့် ခရုစုတ်ခေါင်းမည်း၊ ငှက်ကြီးဝန်ပို၊ ဂေါ့တွေ့၊ မြစ်တွေး၊ ငှက်ကျား၊ ဥပန်း၊ စာဘုန်းကြီး၊ ကြိုးကြာ၊ လင်းယုန်၊ ချည်ခင်စွပ်၊ ဘဲနီစပ်နှင့် နှုတ်သီးဂေါက်ကြီးတို့ ဝင်ရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်ဆောင်းရာသီက မိုးယွန်းကြီးအင်းတွင် ဆောင်းခိုငှက်အကောင်ရေ (၃၀၀၀၀) ကျော် ကျက်စားခဲ့ကြောင်း သိရသည်။
ယခုနှစ်ဆောင်းရာသီအတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေဝပ်ဒေသများနှင့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများသို့ ဆောင်းခိုငှက်များ ဝင်ရောက်ကျက်စားမှုအခြေအနေ ပြောင်းလဲနိုင်သဖြင့် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ အင်းလေးကန်၊ အင်းတော်ကြီးကန်၊ မိန်းမလှကျွန်း နှင့် စလင်းဝက်သည်းကန်တို့ အပါအဝင် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသနှင့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများသို့လည်း နှစ်စဉ်ဆောင်းခိုငှက်များနှင့် ကမ္ဘာ့မျိုးသုဉ်းရန်အန္တရာယ်ရှိ ရေပျော်ငှက်မျိုးစိတ်များ ဝင်ရောက်ကျက်စားလေ့ရှိကြောင်း သိရသည်။