
ပီယ (NP News) - နိုဝင်ဘာ ၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြီးခဲ့သည့် နိုဝင်ဘာ (၃) ရက်က မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြစ်မှုဖြင့် အလိုရှိနေသည့် တရားခံပြေး (၁) ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီ (၁) ရက်က တရားခံ (၂) ဦး မောင်းနှင်လာသည့် ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား (၅၆) သိန်းကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်မှုအရ ဆက်စပ်တရားခံ (၆) ဦးနှင့်အတူ စိတ်ကြွဆေးပြား (၃ ဒသမ ၈) သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) (၁) ကီလိုနှင့် ဘိန်းဖြူ (၁၆ ဒသမ ၃၉၆) ကီလိုတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကာ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် (၉ ဒသမ ၄၉၅၃၈) ဘီလီယံရှိကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ဂိုဏ်းဖွဲ့စည်း၍ အဓိကစီမံခန့်ခွဲသူမှာ အသက် (၄၂) နှစ်အရွယ် အောင်ဇော်မင်းခန့်ဖြစ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာ (၂၇) ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၃) ရက်တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ထံ သတင်းဖလှယ်ပေးပို့ခဲ့ကာ ပြီးခဲ့သည့် အောက်တိုဘာ (၄) ရက်တွင် ဘန်ကောက်မြို့၊ ဟွိုင်ခွမ်ခရိုင်၌ အဆိုပါ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး အောင်ဇော်မင်းခန့်ကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံက မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး (၁၂) ဦးနှင့် အင်ဒိုနီးရှားနိုင်ငံမှ (၁) ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှုခင်းများကို တားဆီးနှိမ်နင်းနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ MOU အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

