Myanmar Transparency News

အွန်လိုင်းလိမ်လည်မှုကျားဖြန့်ဂိုဏ်းများ ပြန်လည်ခေါင်းထောင်မလာစေရေး နှစ်နိုင်ငံ ပူးပေါင်း၍ ပြင်းထန်စွာ ဆက်လက်နှိမ်နင်းရန် ကမ္ဘောဒီးယားကို တရုတ်တိုက်တွန်း

သက်တံ့
၆. ၁၁. ၂၀၂၆

​တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို ပြန်လည်ခေါင်းထောင်မလာစေရန်အတွက် လက်ရှိလုပ်ဆောင်နေသော ပြင်းထန်သည့် နှိမ်နင်းမှုများကို တရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးက ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော်ကျားခွန်း၏ ပြောကြားချက်အရ ဝမ်ယိသည် နိုဝင်ဘာ ၄ ရက်နေ့က ပေကျင်းမြို့တွင် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆိုခွန် (Prak Sokhonn) နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ​အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် အဆိုပြုချက်များကိုလည်း ဝမ်ယိက မျှဝေခဲ့သည်။

​ပရက်ဆိုခွန်သည် (၁၁) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်မြို့တော် ပေကျင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

​”နှစ်နိုင်ငံစလုံးအနေနဲ့ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက်နှိမ်နင်းသွားရမှာဖြစ်ပြီး ဒီလိုပြစ်မှုမျိုးတွေ ဘယ်တော့မှ ပြန်လည် မပေါ်ပေါက်လာစေဖို့ သေချာအောင် လုပ်ဆောင်ရပါမယ်” ဟု ဝမ်ယိက ပြောကြားခဲ့သည်။

​ဝမ်ယိ၏ ပြောကြားချက်များသည် လိမ်လည်မှုဆန့်ကျင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာသော မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် စီးပွားရေးစင်္ကြံနှစ်ခု ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးအတွက် အဓိကဦးစားပေး လုပ်ငန်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ပေးခဲ့သည်။

ထို့အတူ ​အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ လုပ်ဆောင်ရင်း နှစ်နိုင်ငံအနေဖြင့် “စက်မှုဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ” နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ “ငါးနှင့်ဆန် စင်္ကြံ” တို့ကို မြှင့်တင်သင့်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

​ထို့ပြင် ၎င်းတို့၏ ဘုံမဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် နောက်ထပ်အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုများအတွက် ပြင်ဆင်ရန်နှင့် ပိုမိုနီးကပ်စွာ ဆက်သွယ်သွားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

​ဤစီးပွားရေးဆိုင်ရာ အဆိုပြုချက်များနှင့်အတူ ကမ္ဘောဒီးယား၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းရွေးချယ်မှုများနှင့် ပြင်ပစိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းမှုများ၌ တရုတ်နိုင်ငံက ဆက်လက်ကူညီသွားမည်ဟု အာမခံချက်ပေးခဲ့သည်။

ထို့အပြင် ​တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားအတွက် “ယုံကြည်စိတ်ချရသည့် မဟာဗျူဟာမြောက် မဏ္ဍိုင်” ဖြစ်သည်ဟု ဖော်ပြပြောဆိုကာ ပေကျင်းအနေဖြင့် ကမ္ဘောဒီးယား၏ အမျိုးသားအခြေအနေများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်း လျှောက်လှမ်းမှုကို ခိုင်မာစွာ ဆက်လက်ထောက်ခံသွားမည်ဟု ဝမ်ယိက ပြောကြားခဲ့သည်။

​တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို မြှင့်တင်ရန်၊ ပြင်ပစိန်ခေါ်မှုများကို ပူးတွဲတုံ့ပြန်ရန်နှင့် နှစ်နိုင်ငံလုံး၏ ခေတ်မီဆန်းသစ်ရေး ကြိုးပမ်းမှုများကို ထောက်ခံအားပေးရန် ပြင်ဆင်ထားကြောင်းလည်း ၎င်းက ဆိုသည်။

​ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ယန္တရားသည် ခိုင်မာသော အုတ်မြစ်နှင့် အလားအလာကောင်းများ ရှိနေပြီး ကမ္ဘောဒီးယား၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်ဆန်းသစ်လာမှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးတို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းလည်း ဝမ်ယိက မှတ်ချက်ပြုပြောကြားခဲ့သည်။ 

Ref: Phnom Penh Post

မူရင်းသတင်း — Myanmar Transparency News