CarsDB

အမေရိကန် ဟာသ သရုပ်ဆောင်က ၎င်းအပေါ် ကျေးဇူးရှိသည့် မိတ်ဆွေရင်းများအား ဒေါ်လာ ၅၀၀၀၀၀ ခန့် တန်ကြေးရှိ ကား ၈ စင်း လက်ဆောင်ပေးခဲ့ပုံ

အမေရိကန် ဟာသ သရုပ်ဆောင် ကီဗင် ဟာ့ထ်သည် ၎င်းအပေါ် ကျေးဇူးပြုဖူးသည့် အရင်းနှီးဆုံး မိတ်ဆွေများအား ကျေးဇူးဆပ်သည့်အနေဖြင့် ဂန္ထဝင်ကား ၈ စင်း လက်ဆောင်ပေးခဲ့ဖူးသည်။

((ကီဗင် ဟာ့ထ် ဘယ်သူလဲ))

ကီဗင် ဟာ့ထ် (မွေး ၁၉၇၉) ၏ အမည်အပြည့်အစုံမှာ ကီဗင် ဒါနဲလ် ဟာ့ထ် (Kevin Darnell Hart) ဖြစ်ပြီး အမေရိကန် လူရွှင်တော်၊ သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ကီဗင်ဟာ့ထ်သည် stand-up ဟာသများဖြင့် ကျော်ကြားခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် ရုပ်ရှင်နယ်သို့ ခြေချခဲ့ရာ Jumanji ရုပ်ရှင်များ အပါအဝင် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ တိုင်းမ်မဂ္ဂဇင်းကြီးက ကီဗင် ဟာ့ထ်ကို ကမ္ဘာ့သြဇာအလွှမ်းဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ၂၀၁၅ ခုနှစ်က ထည့်သွင်းဖော်ပြခဲ့ဖူးသည်။

((ရက်ရောလှတဲ့ ကီဗင်ဟာ့ထ်))

ယခုအချိန်တွင် သင်မည်သို့တွေးနေသည်ကို ကျွန်ုပ်သိပါသည်။ သင်တွေးနေသည်မှာ ကီဗင်ဟာ့ထ်နှင့် မိတ်ဆွေဖြစ်လို့ ရမည်လားဟု ဖြစ်ပါလိမ့်မည်။ အဖြေမှာ မရပါ။ ကီဗင်ဟာ့ထ်က သူ၏ မိတ်ဆွေအဖြစ် ခန့်ထားရန် လျှောက်လွှာခေါ်ယူခြင်း မရှိသေးပါ။

ကီဗင်ဟာ့ထ်က အရင်းနှီးဆုံး သူငယ်ချင်းများအား ကားများ လက်ဆောင်ပေးခဲ့ပုံကို သူ၏ Netflix series ဖြစ်သော Don’t F**k This Up တွင် ဖော်ပြဖူးသည်။

((ထင်ရှားကျော်ကြားသူတို့၏ ရက်ရောမှုများ))

သင့်တွင် ငွေကြေးကြွယ်ဝနေသည့်အခါ သင့်ဘေးတွင်ရှိသူများ ပျော်ရွှင်စေရန် လုပ်ဆောင်ပေးခြင်းမှာ နှစ်လိုဖွယ်ကောင်းပါသည်။

အကျော်အမော်တို့၏ ရက်ရက်ရောရော လက်ဆောင်ပေးခြင်းများကို မကြာခဏ တွေ့နေရသည်။ ထိုသို့ လက်ဆောင်ပေးရာတွင် ကားလက်ဆောင်ပေးခြင်းများလည်း ပါဝင်လေ့ရှိသည်။

ရက်ပ်အဆိုတော် Lil Wayne က တေးထုတ်လုပ်သူ ဆွစ်ဘိဇ် (Swizz Beatz) အား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဒေါ်လာ ၁ ဒသမ ၈ သန်း တန်ကြေးရှိ off-road ကားတစ်စင်း လက်ဆောင်ပေးခဲ့ဖူးသည်။ ကေတီပယ်ရီကလည်း သူ၏ လက်ထောက်အကူများအတွက် လျှပ်စစ်ပြိုင်ကားများ ဝယ်ပေးခဲ့ဖူးသည်။

(ဓာတ်ပုံ Credit- Pontiac)

ထို့အပြင် အော်ပရာဝင်းဖရေးက သူ၏ ရုပ်သံအစီအစဉ်တွင် ကားအများအပြား လက်ဆောင်ပေးခဲ့ခြင်းမှာ နာမည်ကြီးသည်။

ရက်ရက်ရောရော ပေးကမ်းသည့်ဘက်တွင် ဒွိန်း"သရော့ခ်" ဂျွန်ဆင် (Dwayne ‘The Rock’ Johnson) လည်း သတင်းကြီးသည်။ သရော့ခ်သည် ဖခင်၊ ဦးလေးနှင့် ၎င်းကိုယ်စား စွန့်စားခန်းများ သရုပ်ဆောင်ပေးသူ တို့အတွက် ကားများ လက်ဆောင်ပေးခဲ့ဖူးသည်။

Jumanji ရုပ်ရှင်ဇာတ်ကားတွင် သရော့ခ်နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သူ ဟာသ သရုပ်ဆောင် ကီဗင် ဟာ့ထ်ကလည်း တထိုင်တည်းဖြင့် ကားအစင်းရေ အများအပြား လက်ဆောင်ပေးခဲ့သူ ဖြစ်သည်။

((ကီဗင်ဟာ့တ်က မိတ်ဆွေတွေကို ဘာကြောင့် Classic ကားတွေ လက်ဆောင်ပေးတာလဲ))

ကီဗင် ဟာ့ထ်က သူငယ်ချင်းများအား ကားလက်ဆောင်ပေးခဲ့ပုံကို ဟာ့တ်၏ Netflix ရုပ်သံစီးရီး "Don’t Fk This Up" ၏ အပိုင်းတစ်ပိုင်းတွင် ပြသခဲ့သည်။

"Plastic Cup Boyz" ဟု ချစ်စနိုး အမည်ပေးထားသော ဟာ့၏ အရင်းနှီးဆုံး မိတ်ဆွေအဖွဲ့သည် ဟာ့ထ်နှင့် ခင်မင်ခဲ့သည်မှာ ကာလကြာရှည်ခဲ့ပြီ ဖြစ်သည်။

၎င်းတို့အနက် အချို့မှာ ဟာ့ထ်၏ ဟာသဖျော်ဖြေပွဲများတွင် ပွဲဦးထွက်ဖျော်ဖြေရသည့် ဟာသပညာရှင်များဖြစ်ကြပြီး မိတ်ဆွေတစ်ဦးမှာ ဟာ့ထ်၏ ကာယနည်းပြဖြစ်ကာ အခြားတစ်ဦးမှာမူ စာရေးဆရာတစ်ဦး ဖြစ်သည်။

ဟာ့ထ် အထွတ်အထိပ်သို့ ရောက်လာသည့် ခရီးတွင် ထိုသူများမှာ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ကြသူများ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အား ကျေးဇူးတင်ကြောင်း ပြသရန်အတွက် Classic ကားများ လက်ဆောင်ပေးခြင်းထက် ပိုမိုကောင်းမွန်သည့် နည်းလမ်း ရှိနိုင်ပါဦးမည်လော။

(ဓာတ်ပုံ Credit- Netflix)

((ကီဗင်ဟာ့တ်က ကားတွေဝယ်ဖို့ ငွေဘယ်လောက် ကုန်ခဲ့လဲ))

ကားများမှာ အသန့်အနေအထားတွင် ရှိသည်။ ဝယ်ပေးခဲ့သော ကားများမှာ Chevrolet Corvette တစ်စင်း၊ Ford Mustang တစ်စင်း၊ Pontiac GTO ၂ စင်း၊ Chevrolet Chevelle ၂ စင်း၊ Chevrolet Camaro တစ်စင်း နှင့် Volkswagen Beetle တစ်စင်းတို့ ဖြစ်သည်။

ဟာ့ထ်၏ ရက်ရောမှုအပေါ် သူ၏ သူငယ်ချင်းများက များစွာ အံ့အားသင့်ခဲ့ကြသည်။

(ဓာတ်ပုံ Credit-Netflix)

(ဓာတ်ပုံ Credit-Netflix)

"ကျွန်တော့်အဖွဲ့သားတွေကို ချစ်တယ်လို့ ပြောတာဟာ ကျွန်တော် တကယ်ပြောတာပါ" ဟု ဟာ့ထ်က ဆိုသည်။

"ကျွန်တော့်ရဲ့ အဖွဲ့သားတွေသာ မရှိခဲ့ဘူးဆိုရင် ဒီနေ့ဒီအချိန်မှာ ဒီနေရာကို ရောက်လာမှာ မဟုတ်သလို၊ ဒီလိုလူမျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ အံ့အားသင့်သွားကြတာကို တွေ့ရတော့ ဝမ်းမြောက်ပါတယ်" ဟု ၎င်းက ဆိုသည်။

(ဓာတ်ပုံ Credit-Netflix)

ဟာ့ထ်က ထိုကားများအတွက် ဒေါ်လာ ၅၀၀,၀၀၀ ခန့် သုံးစွဲခဲ့ရသည်ဟူသော သတင်းများ ရှိသည်။ သူ၏ သူငယ်ချင်းများ အလွန်အံ့အားသင့် ဝမ်းမြောက်သွားကြသဖြင့် ငွေကုန်ရသည်မှာ ထိုက်တန်ပါသည်။

ဟာ့တ်၏ ကြွယ်ဝမှုမှာ ဒေါ်လာ သန်း ၄၅၀ ခန့်ရှိသည်ဟု ခန့်မှန်းရရာ ငွေအတွက် စိတ်ပူစရာ မလိုကြောင်း ထင်ရှားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Kevin Hart gifted eight classic cars worth $500,000 to his closest friends to thank them for helping him make it (supercarblondie)

မူရင်းသတင်း — CarsDB