
ရောင်နီ (NP News) - နိုဝင်ဘာ ၆
ကမ္ဘာတစ်ဝှမ်း လူကြိုက်များလျက်ရှိနေတဲ့တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ (K-Drama) ထုတ်လုပ်ရေးလုပ်ငန်းတွေပြိုလဲတော့မယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ ပြည်တွင်းစက်မှုလုပ်ငန်းရှင်အဖွဲ့အစည်း (၁၂) ခုက နိုဝင်ဘာလ (၄) ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ အစိုးရအနေနဲ့ အဆိုပါကဏ္ဍတွေအတွက် ငွေကြေးထောက်ပံ့မှုတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ တိုက်တွန်းတောင်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။
ဂလိုဘယ်လိုက်ဇာရှင်းနဲ့ အွန်လိုင်းကြည့်ရှုမှု (OTT) ပလပ်ဖောင်းတွေမှာ K-Drama ဇာတ်လမ်းတွဲတွေ အောင်မြင်မှုရရှိနေပေမယ့်လည်း ပြည်တွင်းထုတ်လုပ်မှုပမာဏဟာ လွန်ခဲ့တဲ့(၂)နှစ်အတွင်း (၃၀) ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းသွားခဲ့တယ်လို့ လုပ်ငန်းရှင်အဖွဲ့တွေက ဖော်ပြခဲ့ပါတယ်။
Korea IR Service ရဲ့သုတေသနအချက်အလက်တွေအရ ၂၀၂၂ ခုနှစ်မှာ ဇာတ်လမ်းတွဲ ၁၄၁ ခု ထုတ်လုပ်ခဲ့ရာမှ ၂၀၂၅ ခုနှစ်မှာ ၁၁၅ ခုခန့်သာ ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုစရိတ်တွေ အဆမတန် မြင့်တက်လာခြင်း၊ ရုပ်သံလွှင့်ဌာနတွေရဲ့ရင်းနှီးမြှုပ်နှံနိုင်စွမ်း လျော့ကျလာခြင်းနဲ့ အဓိကကျတဲ့ မူပိုင်ခွင့် (IP) တွေကို ထုတ်လုပ်သူတွေဘက်က ဆုပ်ကိုင်ထားဖို့ ခက်ခဲလာခြင်းတို့က အဓိက အကျပ်အတည်းတွေဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် ထုတ်လုပ်မှု ပမာဏ ကျဆင်းလာခြင်းကြောင့် လုပ်သားအင်အား ဆုံးရှုံးရမှုတွေနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းလာမှု ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
အစိုးရရဲ့စစ်တမ်းတစ်ခုအရ ရုပ်သံထုတ်လွှင့်ရေးကဏ္ဍမှာ အလုပ်အကိုင်အရေအတွက်ဟာ ၂၀၂၄ ခုနှစ်အတွင်း ၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ၂၀၂၇ ခုနှစ်အတွက် တင်ပြထားတဲ့ အစိုးရရဲ့မူကြမ်းဘတ်ဂျက်ရဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဗီဒီယို-ရုပ်သံထုတ်လုပ်မှု ရန်ပုံငွေကို ဝမ် ၄.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၃၅ သန်းခန့်) အထိ လျှော့ချဖြတ်တောက်လိုက်ခြင်းအပေါ်မှာလည်း လုပ်ငန်းရှင်အဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။
တောင်ကိုရီးယားရဲ့ယဉ်ကျေးမှုဆိုင်ရာ Soft Power ကို ဦးဆောင်နေတဲ့ K-Drama လုပ်ငန်းစုကြီးတွေ ရေရှည်ရပ်တည်နိုင်ဖို့နဲ့ ကမ္ဘာ့ဈေးကွက်မှာ ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသားအဆင့်မှ စနစ်တကျ ဘတ်ဂျက်ချထားပေးကာ ချက်ချင်းဝင်ရောက် ကူညီပေးဖို့ သက်ဆိုင်ရာလုပ်ငန်းရှင်အဖွဲ့တွေက အစိုးရကို အရေးပေါ် တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။