NP News

တန်ဖိုးသင့်အစားအသောက်အစီအစဉ်တွေ ထုတ်ပြန်ခဲ့ပေမယ့် McDonald’s ရဲ့အမေရိကန်ရောင်းအား ခြောက်လပတ်အတွင်း ပထမဆုံးအကြိမ် ကျဆင်း

ရောင်နီ (NP News) - နိုဝင်ဘာ ၆

အမေရိကန်နိုင်ငံရှိ စားသုံးသူတွေ ငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့အတွက် အပြင်ထွက် စားသောက်မှုတွေကိုလျှော့ချလာကြတာကြောင့် McDonald’s ရဲ့အမေရိကန်ဈေးကွက် ရောင်းအား မျှော်မှန်းထားတာထက် ပိုမိုကျဆင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီအခြေအနေဟာ ဝင်ငွေနည်းပါးတဲ့စားသုံးသူတွေကို ပြန်လည်ဆွဲဆောင်နိုင်ဖို့ ဈေးနှုန်းသက်သာတဲ့ အစားအသောက်အစီအစဉ်တွေကိုကြိုးပမ်းနေတဲ့ ဘာဂါအမြန်စားသောက်ဆိုငလုပ်ငန်းရဲ့အရောင်းအဝယ်အခြေအနေကို ပိုမိုစိန်ခေါ်လာစေခဲ့ပါတယ်။

ပြီးခဲ့တဲ့(၂)နှစ်အတွင်း McDonald’s ဟာ လူနေမှုစရိတ်တွေမြင့်တက်လာမှုကြောင့် စားသုံးသူတွေက ပြိုင်ဘက်စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ အိမ်မှာချက်ပြုတ်စားသောက်ခြင်းတို့ကို ပိုမိုရွေးချယ်လာကြတဲ့အတွက် ဈေးနှုန်းသက်သာတဲ့ အစားအသောကအစီအစဉ်တွေကို အဆက်မပြတ် မိတ်ဆက်ခဲ့ရပါတယ်။
အဲဒီအစီအစဉ်တွေမှာ အမေရိကန်ဒေါ်လာ (၃) ဒေါ်လာအောက် အစားအသောက် မီနူးနဲ့ (၄) ဒေါ်လာတန် နံနက်စာ အစီအစဉ်တို့ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း McDonald’s ရဲ့အကြီးဆုံးဈေးကွက်ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ စက်တင်ဘာ (၃၀) ရက်ထိအတွင်း ဆိုင်ခွဲတူ ရောင်းအား (၀.၂) ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ LSEG မှ ကောက်ယူထားတဲ့အချက်အလက်တွေအရ သိရပါတယ်။ အဲဒီကျဆင်းမှုဟာ လေ့လာသုံးသပ်သူတွေ ခန့်မှန်းထားတဲ့ (၀.၁) ရာခိုင်နှုန်းထက် ပိုများပါတယ်။

ဒါအပြင် အခုကျဆင်းမှုဟာ ယခင်ငါးလပတ်ဆက်တိုက် ရောင်းအားတိုးတက်ခဲ့ပြီးနောက် ကုမ္ပဏီအနေနဲ့ ပထမဆုံးအကြိမ် ရောင်းအားကျဆင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း အမေရိကန်နိုင်ငံရဲ့ FEMA က အရေးပေါ်အခြေအနေအတွက် အနည်းဆုံး (၃) ရက်စာ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ ဆေးဝါး ကြိုတင်စုဆောင်းထားဖို့ လူထုကို အကြံပြုထားသလို ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့ကလည်း ပြည်သူတွေကို အရေးပေါ် အခြေအနေတွေအတွက် အနည်းဆုံး (၇၂)နာရီစာ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားကြတာတွေ့ရပါတယ်။

မူရင်းသတင်း — NP News