NP News

နှစ်ပေါင်း(၂၀၀) နီးပါး သက်တမ်းရှိ ဩစတြေးလျရဲ့ David Jones ကုန်တိုက်လုပ်ငန်းစီးပွားရေးအခက်အခဲကြောင့် ပြိုလဲ

ရောင်နီ (NP News) - နိုဝင်ဘာ ၆

ဩစတြေးလျနိုင်ငံရဲ့သက်တမ်းအရှည်ကြာဆုံး ကုန်တိုက်လုပ်ငန်းတစ်ခုဖြစ်တဲ့ David Jones ဟာ အွန်လိုင်းဈေးဝယ်မှုတွေမြင့်တက်လာခြင်း၊ လုပ်ငန်းလည်ပတ်စရိတ်တွေကြီးမြင့်လာခြင်းနဲ့ စားသုံးသူတွေရဲ့ဈေးဝယ်မှုပုံစံပြောင်းလဲလာခြင်းတို့ကြောင့် နှစ်ပေါင်း (၂၀၀) နီးပါး လုပ်ငန်းလည်ပတ်ခဲ့ပြီးနောက် စီးပွားရေးအခက်အခဲနဲ့ ရင်ဆိုင်ကာ ပြိုလဲသွားခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၅) ရက်မှာ McGrathNicol မှ အမှုဆောင်တွေကို ကုမ္ပဏီရဲ့ လုပ်ငန်းတွေပြန်လည်စီမံခန့်ခွဲဖို့တာဝန်ရှိသူတွေအဖြစ် ခန့်အပ်ခဲ့ပြီး FTI Consulting မှ တာဝန်ရှိသူတွေကိုလည်း ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေနဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်တွေကို စီမံထိန်းသိမ်းရန် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် David Jones ရဲ့အခြားဆိုင်ခွဲတွေနဲ့ အွန်လိုင်းအရောင်းဆိုင်တွေကို လက်ရှိ ဆက်လက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ကုမ္ပဏီကို ပြန်လည်ရင်းနှီးမြှုပ်နှံမယ့်သူ (သို့မဟုတ်) ဝယ်ယူမယ့သူတွေကိုလည်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။

David Jones ဟာ ၁၈၃၈ ခုနှစ်မှာ စတင်တည်ထောင်ပြီး အဝတ်အထည်၊ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချတဲ့အဆင့်မြင့်ကုန်တိုက်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လက်ရှိ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံမှာ ဆိုင်ခွဲပေါင်း (၃၈) ခုခန့် ဖွင့်လှစ်ထားပါတယ်။ ကုမ္ပဏီရဲ့စီးပွားရေးအခက်အခဲကတော့ အွန်လိုင်းဈေးဝယ်မှုတွေ ပိုမိုတွင်ကျယ်လာခြင်း၊ လူနေမှုစရိတ်မြင့်တက်မှုကြောင့် စားသုံးသူတွေရဲ့အသုံးစရိတ် လျော့နည်းလာခြင်းနဲ့ ဆိုင်ခွဲတွေရဲ့လည်ပတ်စရိတ်မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
FTI Consulting မှ တာဝန်ရှိသူ Christopher Hill ကလည်း လက်လီအရောင်းလုပ်ငန်းဈေးကွက်ရဲ့အခြေအနေ၊ လုပ်ငန်းလည်ပတ်စရိတ်မြင့်တက်မှု၊ ဆိုင်ခွဲအရေအတွက်နဲ့ အကျယ်အဝန်း များပြားမှုအပြင် ကုန်ပစ္စည်းထောက်ပံ့ရေးဆိုင်ရာအခက်အခဲတွေဟာ ကုမ္ပဏီရဲ့လက်ရှိအခြေအနေကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
David Jones ကို ၂၀၂၃ ခုနှစ်က ပုဂ္ဂလိကရှယ်ယာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Anchorage Capital Partners က ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် အဲရစ်ကာဘာချ်တိုကတော့ လုပ်ငန်းကို ပြန်လည်တည်ဆောက်ဖို့ အစီအစဉ်တစ်ရပ်ရေးဆွဲထားတယ်လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News