Pika (NP News) - နိုဝင်ဘာ ၆
တရုတ်နိုင်ငံဟာ သိပ္ပံဆိုင်ရာစမ်းသပ်မှုတွေနဲ့ လျှပ်စစ်သံလိုက်ပတ်ဝန်းကျင်ဆိုင်ရာ စူးစမ်းလေ့လာမှုတွေလုပ်ဆောင်ဖို့အတွက် အဝေးကနေ အာရုံခံနိုင်တဲ့ဂြိုလ်တုအုပ်စုတစ်ခုကို နိုဝင်ဘာလ(၅)ရက်က လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။
Yaogan-51 07-09 ဂြိုဟ်တုတွေကို အနောက်တောင်ပိုင်းဆီချွမ်ပြည်နယ်မှာရှိတဲ့ ရှီချန်းဂြိုလ်တုလွှတ်တင်ရေးစင်တာကနေတစ်ဆင့် Long March-2C ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် လွှတ်တင်ပြီးနောက် ဂြိုလ်တုတွေအားလုံးက ၎င်းတို့အတွက် သတ်မှတ်ထားတဲ့ကမ္ဘာပတ်လမ်းကြောင်းတွေအတွင်းကို အောင်မြင်စွာဝင်ရောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလွှတ်တင်မှုက တရုတ်နိုင်ငံရဲ့ Long March ဒုံးပျံစီးရီးအတွက် (၆၇၅)ကြိမ်မြောက်မစ်ရှင်ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၅)ရက်တုန်းကလည်း တရုတ်နိုင်ငံက တောင်ပိုင်းကျွန်းပြည်နယ်ဖြစ်တဲ့ ဟိုင်နန်ကနေတစ်ဆင့် ကမ္ဘာရဲ့ပတ်လမ်းကြောင်းအနိမ့်ထဲမှာ လည်ပတ်နိုင်တဲ့ အင်တာနက်ဂြိုလ်တုအစုအဝေးတစ်ခုကို လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလွှတ်တင်မှုက Long March ဒုံးပျံစီးရီးအတွက် (၆၇၄)ကြိမ်မြောက် မစ်ရှင်ဖြစ်တယ်လို့လည်း သိရပါတယ်။