
Pika (NP News) - နိုဝင်ဘာ ၆
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ သေဒဏ်ချမှတ်ခံထားရသူအားလုံးရဲ့ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန်ကပြောကြားခဲ့ပါတယ်။
ဂါဗင်နယူးဆန်ရဲ့ဒီလိုမျိုးဆုံးဖြတ်ချက်က အကျဉ်းသား(၅၀၀)ကျော်အပေါ် သက်ရောက်မှုရှိလာမှာဖြစ်တယ်လို့လည်း သိရပါတယ်။
(၂၀၂၈)ခုနှစ်မှာ အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုခံနေရတဲ့ ဂါဗင်နယူးဆန်က သေဒဏ်ပေးခြင်းဟာ အမေရိကန်မှာလူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့တန်ဖိုးတွေနဲ့ကိုက်ညီမှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ဂါဗင်နယူးဆန်က "နိုင်ငံတော်ကခွင့်ပြုထားတဲ့ လူသတ်မှုမျိုးကို ကျွန်တော်တို့ငြင်းပယ်လိုက်တဲ့အချိန်မှာ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ တစ်ဦးချင်းရော၊စုပေါင်းတာကပါ ပိုမိုခိုင်မာအားကောင်းလာစေလိမ့်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ယုံကြည်ချက်အတိုင်း ဒီနေ့မှာလုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ သေဒဏ်စီရင်ခံရမယ့်နေ့ကို စောင့်ဆိုင်းနေတဲ့ လူ(၅၄၈)ဦးရှိပြီး ကမ္ဘာပေါ်မှာသေဒဏ်ချမှတ်ခံထားရသူ အများဆုံးရှိတဲ့နေရာတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် တရားရုံးတွေက လူသတ်မှုနဲ့ အခြားပြင်းထန်တဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို သေဒဏ်ဆက်လက်ချမှတ်နေပေမယ့်လည်း ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ သေဒဏ်စီရင်တာကို မလုပ်တော့တာ နှစ်ပေါင်း(၂၀) လောက်ရှိပြီလို့ သိရပါတယ်။