
ရောင်နီ (NP News) - နိုဝင်ဘာ ၆
တရုတ်နိုင်ငံရဲ့နည်းပညာကုမ္ပဏီကြီး Baidu ဟာ အင်္ဂါနေ့(နိုဝင်ဘာ ၃ ရက်) က botaxi တွေကို လေ့ကျင့်ပေးဖို့နဲ့လက်တွေ့လမ်းအခြေအနေတွေအတိုင်း လေ့ကျင့်ပေးနိုင်တဲ့ AI စနစ်သစ် Apollo World ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီစနစ်ဟာ အလိုအလျောက်မောင်းနှင်နိုင်တဲ့မော်တော်ယာဉ်တွေမှာ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ရေးအတွက် ကားထုတ်လုပ်ရေးကုမ္ပဏီတွေ အပြိုင်အဆိုင်ကြိုးပမ်းနေချိန်မှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
Baidu ရဲ့ပြောကြားချက်အရ Apollo World ဟာ တစ်ရက်ကို ကီလိုမီတာ (၁) သိန်း (မိုင် ၆၂,၀၀၀) အထိ မောင်းနှင်မှုအခြေအနေတွေကို အတုယူ ဖန်တီးပေးနိုင်ပြီး အဲဒီပမာဏဟာ ဘေးကင်းရေးအတွက် ယာဉ်မောင်းတစ်ဦး လိုက်ပါစောင့်ကြည့်ထားတဲ့အလိုအလျောက်မောင်းနှင်ယာဉ်တစ်စီးရဲ့လက်တွေ့လမ်းပေါ် စမ်းသပ်မောင်းနှင်မှု သုံးနှစ်စာခန့်အချိန်နဲ့ ညီမျှပါတယ်။
အဆိုပါစနစ်ဟာ ကင်မရာနဲ့ LiDAR အာရုံခံကိရိယာတွေမှ ရရှိနိုင်တဲ့အချက်အလက်တွေ အပါအဝင် အချိန်နဲ့တစ်ပြေးညီ အချက်အလက်အမျိုးအစားစုံကို ထုတ်လုပ်ပေးနိုင်ပါတယ်။ Baidu ရဲ့ပြောကြားချက်အရ Apollo World ကို ကမ္ဘာတစ်ဝန်း ဝန်ဆောင်မှုပေးဖို့ရည်ရွယ်ထားတဲ့ ၎င်းရဲ့ Apollo Go Robotaxi ယာဉ်အုပ်စုကို လေ့ကျင့်ပေးရာမှာ စတင်အသုံးပြုနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
Baidu ပိုင် Apollo Go ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး Robotaxi ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီဖြစ်ပြီး WeRide၊ Pony.ai နဲ့ Momenta Global စတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ယှဉ်ပြိုင်နေပါတယ်။ ဒါအပြင် Volkswagen ရဲ့ တရုတ်မိတ်ဖက်ကုမ္ပဏီ XPeng ကလည်း ၂၀၂၇ ခုနှစ်မှာ Robotaxi ဝန်ဆောင်မှုတွေ စတင်မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ Morgan Stanley ရဲ့ခန့်မှန်းချက်အရ တရုတ်နိုင်ငံရဲ့ Robotaxi ယာဉ်အရေအတွက်ဟာ ၂၀၃၅ ခုနှစ်မှာ တစ်သန်းအထိ တိုးတက်လာနိုင်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရှိ Robotaxi ကုမ္ပဏီတွေဟာ ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်တွေကို ကိုယ်တိုင်အပြည့်အဝ တာဝန်ယူရမှုမရှိစေဖို့ ရည်ရွယ်တဲ့ Asset-light လုပ်ငန်းချဲ့ထွင်ရေး မဟာဗျူဟာကို အဓိကအသုံးပြုလာကြပါတယ်။ အဲဒီမဟာဗျူဟာအရ ကုမ္ပဏီတွေဟာ ကိုယ်ပိုင်ယာဉ်အုပ်စုတွေကို ဝယ်ယူပိုင်ဆိုင်ပြီး လည်ပတ်စရိတ်အားလုံးကို တာဝန်ယူမယ့်အစား အလိုအလျောက်မောင်းနှင်ရေး နည်းပညာတွေကို ပံ့ပိုးပေးကာ ကားထုတ်လုပ်ရေး ကုမ္ပဏီတွေ၊ အငှားယာဉ်ဝန်ဆောင်မှု ပလက်ဖောင်းတွေနဲ့ ပြည်တွင်းပြည်ပ ယာဉ်အုပ်စု လည်ပတ်ရေးကုမ္ပဏီတွေနဲ့ပူးပေါင်းလုပ်ကိုင်နေကြပါတယ်။