
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆
အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၄ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် သံတမန်ရေးရာ ကြိုးပမ်းမှုများ အရှိန်အဟုန်မြှင့်လာသည်နှင့်အမျှ သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံနှင့် ပတ်သက်၍ တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ရန်၊ စီးပွားရေးအရ ဖိအားပေးရန် (သို့မဟုတ်) နျူကလီးယားဆိုင်ရာ သဘောတူညီချက်တစ်ခု ရယူရန် စဉ်းစားသုံးသပ်နေသည်။
နိုင်ငံလုံခြုံရေးအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် အလုံးစုံ စစ်ပွဲကို ပြန်လည်စတင်ရန် ရှိ မရှိ ဆုံးဖြတ်ချက်ကို မကြာမီ ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Axios ၏ ဖော်ပြချက်အရ ယခင် အလယ်အလတ် ရွေးကောက်ပွဲများ မတိုင်မီက မဲဆွယ်စည်းရုံးမှု ရလဒ်များကြောင့် ကန့်သတ်ချက်များ ရှိခဲ့သော ထရမ့်သည် အဓိကအချက်သုံးချက်ကို စဉ်းစားနေပြီး ၎င်းတို့မှာ တိုက်ခိုက်မှုအသစ်များ ပြုလုပ်ရန်၊ အီရန်အား စီးပွားရေးအရ ဆက်လက် ဖိနှိပ်ချုပ်ချယ်ရန် (သို့မဟုတ်) အရေးပါသော အလျှော့ပေးမှုများ ပါဝင်သည့် အီရန်နှင့်သဘောတူညီချက်တစ်ခု ရယူရန်တို့ဖြစ်ကြသည်။
အမေရိကန်သမ္မတက "အခုတော့ ကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ခု ချတော့မှာပါ။ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ပျက်သုဉ်းသွားပြီး 'ဒီကိစ္စ ထပ်မံမဖြစ်ပွားတော့ဘူး' ဆိုတာ သေချာစေဖို့အတွက် တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်သေးလား" ဟု ဆိုသည်။
ထို့အပြင် "ဖြစ်နိုင်ရင် တိုင်းပြည်ရဲ့ကျန်ရှိနေတဲ့နေရာတွေကို မဖျက်ဆီးချင်ပါဘူး။ ဒါပေမဲ့ လုပ်ရမယ့် အနေအထား လည်းဖြစ်လာနိုင်ပါတယ်။ မကြာခင်မှာ သိရပါလိမ့်မယ်" ဟုလည်း
၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ထရမ့်ဦးဆောင်သော ရီပတ်ဘလီကန်များ၏ မဲဆွယ်ပွဲရလဒ်များမှာ စိတ်ပျက် စရာ ကောင်းခဲ့ပြီးနောက်သံတမန်ရေးရာ လှုပ်ရှားမှုများ အလွန်အမင်း အရှိန်မြင့်တက်လာခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီ ရှုံးနိမ့်ခဲ့ခြင်းသည် အီရန်နိုင်ငံအပေါ်တိုက်ခိုက်ခဲသည့် စစ်ပွဲနှင့်ဆက်နွယ် နေကြောင်း ဝေဖန်ထောက်ပြမှုများရှိနေပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟတ်ဆီကိုလည်းရာထူးမှ နုတ်ထွက်ရန် တိုက်တွန်းတောင်းဆိုမှုများရှိနေကြောင်းသိရသည်။