ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆
ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ နိုင်ငံတစ်ဝန်းတွင် ပြုလုပ်ခဲ့သော လူထုဆန္ဒပြပွဲများနှင့် ချီတက်ပွဲများ၌ ဆန္ဒပြသူ (၆၀၀,၀၀၀) ကျော် ပါဝင်ခဲ့ကြပြီး လုပ်ခလစာနှင့် ပြည်သူ့ဝန်ဆောင်မှုများအတွက် ဘဏ္ဍာငွေ ပိုမိုရရှိရေးတောင်းဆိုသည့် တစ်ရက်တာလှုပ်ရှားမှုတွင် အလုပ်သမားသမဂ္ဂ (၅) ခု ပါဝင် ပူးပေါင်းခဲ့ကြောင်းသိရသည်။
လက်ဝဲယိမ်း CGT အလုပ်သမားသမဂ္ဂက ပြီးခဲ့သည့်ရက်ပိုင်းက လူထုလှုပ်ရှားမှုတွင် ပါဝင်သူဦးရေမှာ (၁ ဒသမ ၅၇) သန်းရှိကြောင်း ဖော်ပြခဲ့ပြီး မာဆေးလ်၊ ဘောဒိုး နှင့် လီးလ် မြို့ကြီးများတွင် ပြုလုပ်ခဲ့သည့် ကြီးမားသော ဆန္ဒပြပွဲ များကို ကိုးကား၍ ယင်းပမာဏမှာ ၂၀၂၃ ခုနှစ်နောက်ပိုင်း စံချိန်သစ်တင်သည့် အဆင့်ဖြစ်သည်ဟု ချီးကျူး ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော်နူးက ၎င်းအနေဖြင့် အလုပ်သမားသမဂ္ဂများနှင့် အလုပ်ရှင်များနှင့်အတူ "လူမှုရေးဆိုင်ရာ ညီလာခံ" (social conference) တစ်ခုကို ခေါ်ယူသွားမည်ဟု ပြောကြားခဲ့ သည်။
ဆန္ဒပြမှုလှိုင်းလုံးသည် စက်တင်ဘာလတွင် အထက်တန်းကျောင်းများ၏ ဆိုးရွားသောအခြေအနေများနှင့် အရင်း အမြစ် လိုအပ်ချက်များကြောင့် စတင်ခဲ့ပြီးနောက်တက္ကသိုလ်များ၊ အလုပ်သမားများနှင့်
ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဆန့်ကျင်သည့်အဝါရောင်အင်္ကျီလှုပ်ရှားမှုများထံသို့ ထပ်မံကူးစက်ပျံ့နှံ့သွားခဲ့သည်။ အလုပ်သမားသမဂ္ဂများက “အစိုးရကို ဆန့်ကျင်သည့်ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင် ဆောင်ရွက်သွားမည်ဟု ကတိပြုထားကြောင်း သိရသည်။
CGT အကြီးအကဲ ဆိုဖီ ဘီနေး "ဒီလှုပ်ရှားမှုကို ရပ်တန့်သွားစေမယ့် တစ်ခုတည်းသောအရာကတော့ ကျွန်တော် တို့ရဲ့တောင်းဆိုချက်တွေကို လိုက်လျောဖြေရှင်းပေးခြင်းပဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီး လောရင့် နူးနက်စ်က အကြမ်းဖက်မှု ဖြစ်ပွားလာနိုင်ခြေရှိသည်များကိုပြင်းထန်စွာ တုံ့ပြန်သွား မည်ဟု ကတိပြုကာ ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ ကို ကြိုတင်ဖြန့်ကျက်ထားခဲ့သည်။
လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံရှိ မြို့အတော်များများတွင် မငြိမ်မသက်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လိုင်ယွန်မြို့ရှိ ရုန်း (Rhône) မြစ်ပေါ်ရှိ ဂါလီယနီ တံတားအနီးတွင် စွန်းထွက်လက်ဝဲယိမ်း "black bloc" အဖွဲ့မှ တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာသည် ရဲတပ်ဖွဲ့နှင့် ရိုက်ပွဲဖြစ်ပွားခဲ့ပြီး ကားတစ်စီး မီးရှို့ခံခဲ့ရသလို အနောက်မြောက်ပိုင်း ရန်းနက်စ်မြို့တွင်လည်း ထိခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အစိုးရ ကို ပိုမိုဖိအားပေးနိုင်ရန် ဆန္ဒပြပွဲများတွင် ပိုမိုပူးပေါင်းပါဝင်ရန် တိုက်တွန်းတောင်းဆိုမှုများရှိနေပြီး အလုပ်သမား များက တစ်နာရီလုပ်ခ (၁ဝ)ပေါင်ရရှိစေရန် တောင်းဆိုနေကြောင်း သိရသည်။ ဆန္ဒပြပွဲများကြောင့် ကျောင်းများ၊ ဆေးရုံများနှင့်အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပိတ်ဆို့ခဲ့ရကြောင်း သိရသည်။