
Pika (NP News) - နိုဝင်ဘာ ၆
ပါရာဂွေးအစိုးရက ထောက်ပံ့ကူညီထားသည့် အဓိကငွေကြေးအဖွဲ့အစည်းတစ်ခုပြိုလဲသွားခဲ့မှုနှင့်အတူ ဆန္ဒပြပွဲ ကြီးများ ပေါက်ပေါက်လာခဲ့ပြီးနောက် ပါရာဂွေးသမ္မတဆန်တီယာဂိုပီနာက ရာထူးမှနှုတ်ထွက်သွားခဲ့ကြောင်း သိရသည်။ ဆန်တီယာဂိုပီနာသည် နိုဝင်ဘာလ(၅)ရက်တွင် ၎င်း၏ ရာထူးမှ နှုတ်ထွက်မှုကို ကြေညာခဲ့ပြီး နိုင်ငံ၏ တည်ငြိမ်မှု၊ လူမှုရေးဆိုင်ရာငြိမ်းချမ်းမှု နှင့် ဒီမိုကရေစီအဖွဲ့အစည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားကာ ရာထူးမှနှုတ်ထွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆန်တီယာဂိုပီနာသည် ၎င်း၏နိုင်ငံရေးပါတီဖြစ်သော လက်ယာယိမ်းကိုလိုရာဒိုပါတီ၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ရပြီး အတိုက်အခံများဘက်မှလည်း ၎င်းအား ရာထူးမှဖယ်ရှားရန် ကြိုးပမ်းမှုများကိုလည်း ရင်ဆိုင်ခဲ့ရ ကြောင်း သိရသည်။
ပါရာဂွေးဗဟိုဘဏ်က Ueno ဘဏ်ကို ၎င်းတို့၏ ကြီးကြပ်ကွပ်ကဲမှုအောက်သို့ထည့်သွင်းလိုက်မှုနှင့်အတူ ဘဏ်၏ ဖောက်သည်(၃)သန်းခန့်မှာ ၎င်းတို့၏အကောင့်များကို အသုံးပြုနိုင်ခြင်းမျိုးမရှိတော့ပြီးနောက် အဆွန်စီယွန် မြို့လမ်းမများပေါ်တွင် ဆန္ဒပြပွဲများက ပဋိပက္ခများအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ Ueno ဘဏ်သည် (၂၀၂၃)ခုနှစ်မှစတင်၍ လုပ်ငန်းလည်ပတ်ခဲ့သည့် ဘဏ္ဍာရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော်လည်း ပါရာဂွေး နိုင်ငံရှိ လူကြီး(၃)ဦးတွင် (၂)ဦးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် Ueno ဘဏ်တွင် အပ်ငွေထည့်သွင်းထားသူများကို ကာကွယ်ရန်နှင့် ငွေကြေးစနစ်တည်ငြိမ်မှုကို ထိန်းသိမ်း ရန်အတွက် ဥပဒေအရလိုအပ်သည့် မတည်ငွေရင်းပမာဏ၏ တစ်ဝက်ခန့်သာရှိတော့ကြောင်း ပါရာဂွေးဗဟိုဘဏ် က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါအခြေအနေကြောင့် ဆန်တီယာဂိုပီနာအနေဖြင့် အပ်ငွေထည့်သွင်းထားသူများ၏ ငွေကြေးများကို ပြန်လည် ပေးအပ်နိုင်မည့် ဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းရန်လိုအပ်လာခဲ့ပြီး ယင်းဥပဒေက ထိခိုက်နစ်နာခဲ့သည့် ဖောက်သည်များ၏ (၉၈)ရာခိုင်နှုန်းခန့်ကို ငွေကြေးပြန်လည်ပေးအပ်နိုင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း ဆန်တီယာဂိုပီနာ နှင့် Ueno ဘဏ်တို့ကြားရှိနေသည့် ကိုယ်ရေးကိုယ်တာဆက်နွယ်မှုများက ပြည်သူလူထုကို ဒေါသထွက်စေခဲ့ပြီး ၎င်းကကိုယ်ကျိုးစီးပွားအတွက် အများပြည်သူဆိုင်ရာရန်ပုံငွေများကို အလွဲသုံးစားလုပ်ခြင်း၊ Ueno ဘဏ်၏ ငွေကြေးအခြေအနေနှင့်ပတ်သက်သည့် သတိပေးချက်များကို ဖုံးကွယ်ထား ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဆန္ဒပြသူများနှင့်အတိုက်အခံလွှတ်တော်အမတ်များက စွပ်စွဲပြောဆိုခဲ့သည်။