Myanmar Transparency News

မိုးကြိုးပစ်ခံရမှု​ကြောင့် နှစ်ရက်အတွင်း သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရမှု ရှမ်း​​ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွား

၆.၁၁.၂၀၂၆
Written by KL

မိုးကြိုးပစ်ခတ်ခံရမှုကြောင့် နိုဝင်ဘာလ ၄ ရက်နှင့် နိုဝင်ဘာလ ၅ ရက်​နေ့တို့တွင် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရမှု ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီကျော်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဒိုက်ကလေးကျေးရွာ၊ ကွက်သစ်ပိုင်းတွင် ကောက်ရိုးပုံအနီး ကစားနေသော ကလေးငယ်သုံးဦးကို မိုးကြိုးပစ်ခတ်သဖြင့် အသက် ၅ နှစ်အရွယ် မောင်ညီသုတအောင်မှာ သေဆုံးခဲ့သည်။

ထို့အပြင် မိုးကြိုးထိမှန်မှုကြောင့် ဒဏ်ရာများရရှိသော အသက် ၈ နှစ်အရွယ် မရှင်းလင်းထက်ကို သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် လည်းကောင်း၊ အသက် ၁၂ နှစ်အရွယ် မောင်ထက်မြတ်အောင်ကိုသထုံခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိ​ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၅ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ပင်လောင်းမြို့နယ်၊ ရင်းမှီးရပ်ကွက်၊ ပင်လောင်း-ထီတလိလမ်းမဘေးရှိ ခရမ်းချဉ်စိုက်ကွင်းတွင် မိုးကြိုးပစ်ခတ်မှုကြောင့် ခရမ်းချဥ်သီး ခူးဆွတ်နေသော အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ပင်လောင်း ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၅ ရက် ညနေ ၃နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ အာလူးစိုက်ခင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်သဖြင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သဖြင့် တီကျစ်တိုက်နယ်ဆေးရုံတွင် ဆေးကုသနေကြောင်း သိရသည်။

မိုးကြိုးဘေးအန္တရာယ်သည် မိုးကြိုကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတု ရုတ်ခြည်း ဖောက်ပြန်ပြောင်းလဲသောအချိန်ကာလမျိုး၌ ဖြစ်ပွားတတ်ပြီး မိုးကြိုကာလ ဧပြီလ၊ မေလနှင့် မိုးနှောင်းကာလ အောက်တိုဘာလ၊ နိုဝင်ဘာလတို့တွင် အဖြစ်များလေ့ရှိကြောင်း၊ ထိုကာလများ၌ မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏ ဖြစ်ပွားနေပါက မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိကြောင်း သတိပြုနေထိုင်ရမည်ဖြစ်ကာ လေ့လာတွေ့ရှိမှုများအရ တစ်နေ့တာအတွင်း မိုးကြိုးပစ်ခြင်း အဖြစ်အများဆုံးအချိန်မှာ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူလူထုများအနေဖြင့် မိုးကြိုးပစ်ခြင်း၏ သဘောသဘာဝများနှင့် ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများကို လေ့လာမှတ်သားထားကြရန်၊ ကိုယ်တိုင်လိုက်နာဆောင်ရွက်ခြင်း၊ မိမိပတ်ဝန်းကျင်တွင်လည်း အသိပညာမျှ‌ဝေခြင်းများ ပါဝင်ဆောင်ရွက်ကြရန်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အသိပေးထားသည်။

မူရင်းသတင်း — Myanmar Transparency News