Myanmar Transparency News

ရွှေလီမြစ်အတွင်း ရေဆင်းကူးရာမှ ပျောက်ဆုံးခဲ့သော ကလေးငယ်ကို သုံးရက်အကြာတွင် ရုပ်အလောင်းအဖြစ် ပြန်တွေ့

၆.၁၁.၂၀၂၆
Wirtten by KL

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်မြို့ ၊ ရွှေလီချောင်းသာတွင် ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေသော ကလေးငယ်တစ်ဦးကို သုံးရက်အကြာ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ရွှေလီမြစ်တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းသယ်ယူပေးခဲ့သော နှလုံးလှ လူမှုကူညီရေးအသင်းထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၁၂ အရွယ် ယောကျ်ားလေးတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ရွှေလီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသော ကလေးကို ရေနစ်သည့်နေ့ကတည်းကပင် ဒေသခံလူမှုကူညီရေးအသင်းနှင့် မူဆယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေခဲ့သော်လည်း ပြန်မတွေ့ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့က ရေနစ်ကာသေဆုံးခဲ့သော ကလေးငယ်ကို ပြန်လည်တွေ့ရှိသဖြင့် ရုပ်အလောင်းကို နှလုံးလှ လူမှုကူညီရေးအသင်းမှ အသင်းဝင်များက မူဆယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီးနောက် သေဆုံးသူကလေးကို မူဆယ်မြို့မသုသာန်၌ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

“ကလေးက မြင်မကောင်းတော့ပါဘူး ငါးတွေလည်းစားထားတယ်။ ရေကူးသူတွေ အနေနဲ့ ရွှေလီမြစ်က ရေစီးသန်လို့ သတိထားပြီး ကူးစေချင်ပါတယ်”ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

မူရင်းသတင်း — Myanmar Transparency News