NP News

မြန်မာ့ပြည်တွင်း ပဋိပက္ခ၏ မျက်နှာစာသစ်။ သတင်းမှန်ပြန်ကြားရေး၏ အရေးပါမှု (အတွေးအမြင် ဆောင်းပါး)

HtayOung (NP News)- နိုဝင်ဘာ ၈
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခဟာ သာမန် အစိုးရအပြောင်းအလဲဆိုင်ရာ နိုင်ငံရေးပြဿနာအဖြစ်မှ ပြည်တွင်းပဋိပက္ခအသွင်သို့ ကူးပြောင်းသွားခဲ့တယ်။ အာဏာထိန်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုများမှတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာပြီး နိုင်ငံရေးအကျပ်အတည်းဟာ ယနေ့တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။
လက်ရှိ ပဋိပက္ခရဲ့ ထူးခြားချက်မှာ မြေပြင်စစ်ဆင်ရေးများအပြင် မြိုပြပြောက်ကျားစစ် (Urban Guerrilla Warfare) နဲ့ သိမြင်မှုဆိုင်ရာစစ်ပွဲ (Cognitive Warfare) တို့ပါ ရောယှက်လာခြင်းဖြစ်ကြောင်း ဗြိတိသျှပါ လီမန်စာတမ်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ အစီရင်ခံစာတို့က ညွှန်ပြနေတယ်။
ဒီကိစ္စဟာ တိုင်းပြည်လူဦးရေ ရာနှုန်းတစ်ခု ထောက်ခံတဲ့ အစိုးရကို ဖယ်ရှားရာမှ ဖြစ်ပေါ်လာကြောင်း သတိပြုရပါလိမ့်မယ်။
ပြည်တွင်းပြည်ပနေ မြန်မာအချို့က တော်လှန်ရေးမှာ ငွေကြေး-ပစ္စည်းထောက်ပို့ခြင်း၊ သတင်းမှား-တစ်ဖက်သပ် သတင်းများကို လူမှုကွန်ရက်မှတဆင့် ဖြန့်ဝေခြင်း၊ ပျံ့နှံစေရန် ကူညီခြင်းဖြင့် ပဋိပက္ခရဲ့ လူမှုရေးနဲ့သတင်းအချက် အလက်ဆိုင်ရာ အတိုင်းအတာကို ပိုမိုရှုပ်ထွေးစေတယ်။
ဥပမာ နေပြည်တော်ရဲ့ သတင်းတစ်ပုဒ်ဟာ နာရီအနည်းငယ်အတွင်း ဖိုတိုရှော့များ၊ ဖြတ်ညှပ်ကပ်များ အနှုတ်လက္ခဏာဖြည့်စွက်ချက်များနဲ့ Misrepresentation ပုံဖျက်သတင်းများ လှိမ့်တက်လာတယ်။
ဒါပေမဲ့ ထောက်ခံမှု၊ လူသားချင်းစာနာမှုအကူအညီနဲ့ တိုက်ခိုက်ရေးမှာ တိုက်ရိုက်ပါဝင်မှုတို့ကို တစ်မျိုး တည်း သဘောမထားသင့်ပါ။
အလားတူ တစ်ဖက်ဖက်ကို ထောက်ခံတယ်ဆိုယုံနဲ့လူ့အဖွဲ့အစည်းဝင်အဖြစ်မှ ဖယ်ထုတ်မယ်ဆိုရင် အလွန်ဝမ်းနည်းတုန်လှုပ်စရာဖွယ် နောက်ဆက်တွဲရလဒ်များ ထွက်ပေါ်လာလိမ့်မယ်။
လက်တွေ့ မြေပြင်မှာ အရပ်သားနဲ့ တိုက်ခိုက်ရေးသမား ခွဲခြားရ ခက်ခဲလာတယ်။ ရွာတစ်ရွာလုံး တော်လှန်ရေးထောက်ခံရုံနဲ့ ရွာသားအားလုံး တိုက်ခိုက်ရေးသမား ဖြစ်သွားခြင်း မတူညီဘူးလို့ နိုင်ငံတကာကြက်ခြေနီ ICRC က ပြောတယ်။
သက်ရှိ စစ်ရေးပစ်မှတ် ခိုအောင်းနေတဲ့ အဆောက်အအုံဟာ အလိုလိုနေရင်း သက်မဲ့စစ်ရေးပစ်မှတ် ဖြစ်သွား တယ်။
ယခင်စာသင်ကျောင်း၊ ဆေးရုံ၊ လူနေအိမ်မှာ စစ်စခန်း၊ လက်နက်သိုလှောင်ရာနဲ့ တိုက်ခိုက်မှု စတင်ရာ နေရာလည်း ဖြစ်နေနိုင်တယ်။
အဲ့ဒီအခါ အရပ်သား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် RoE ထိတွေ့မှု စည်းမျဉ်း နဲ့အညီဆောင်ရွက်ခဲ့ကြောင်း အများသိ ရှင်းပြနိုင်ရမယ်။
ဒီလိုအခြေအနေမျိုးမှာ သတင်းမှန်နဲ့ ပြန်ကြားရေးဟာ အလွန်အရေးကြီးလာတယ်။ စစ်မြေပြင်ဖြစ်စဉ်တစ်ခုကို သက်ဆိုင်ရာအဖွဲအစည်းက အချိန်မီ သတင်းထုတ်ပြန်ရှင်းလင်းခြင်း မပြုခဲ့ရင် ကောလာဟလ-သတင်းမှားနဲ့ တစ်ဖက်သတ်ဝါဒဖြန့်မှုများက လူထုအမြင်ကို လွှမ်းမိုးသွားနိုင်တယ်။
လူ့အဖွဲ့အစည်းဝင်အချင်းချင်း နာကျည်းမှု သံသယများ အမြစ်တွယ်စေတယ်။
ရပ်ရွာတုန်လှုပ်ခြောက်ခြားပြီး တရားဥပဒေစိုးမိုးရေး ထိခိုက်တယ်။
အခြေခံစားကုန်နဲ့ ဆေးဝါး-လောင်စာဆီတို့လို မရှိမဖြစ် ပစ္စည်းများကို ဝိသမလောဘသားတို့က စိတ်ကြိုက်ချယ် လှယ်ခွင့် ရရှိသွားစေနိုင်တယ်။
ဒါ့ကြောင့် အစိုးရနဲ့ အခြားလက်နက်ကိုင်များအနေနဲ့ ဖြစ်စဉ်များ၊ စစ်ဆင်ရေးအကြောင်းရင်းများ၊ အရပ်သား ထိခိုက်မှုများနဲ့ စုံစမ်းစစ်ဆေးမှုရလဒ်များကို တတ်နိုင်သရွေ့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်တယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းများကို အတည်ပြုပြီးသယောင် ဖော်ပြခြင်းဟာ အလွန်ဆိုးရွားတဲ့ မီဒီယာကျင့်ဝတ် ဖောက်ဖျက်ခြင်းဖြစ်တယ်။
ယနေ့ခေတ် လူမှုကွန်ရက်တို့ရဲ့ အယ်ဂိုရစ်သမ်ဟာ သတင်းမှားတစ်ပုဒ်ကို အချိန်တိုအတွင်း ကမ္ဘာကို ဖြန့်နိုင်-လူအများ အသိအမြင်ကို ပြောင်းလဲစေနိုင်တယ်။
ဒီအတွက် ဖြစ်ပေါ်လာတဲ့ လူထုဖိအားဟာ ကုလသမဂ္ဂအစီရင်ခံစာများအပေါ်မှာပင် သက်ရောက်မှု ရှိတယ်။
အဲ့ဒီအခါကျမှ ပြာပြာသလဲ ကန့်ကွက်ပယ်ချနေခြင်းဟာ မိုးလွန်မှ ထွန်ချ-အချီးနှီးသာဖြစ်တယ်။
အထူးသဖြင့် စစ်ပွဲနဲ့ မသက်ဆိုင်သူ အရပ်သားများကို ကာကွယ်ခြင်းဟာ စစ်ရေးတာဝန်သာမက အဖွဲအစည်းတစ်ခုရဲ့ ယုံကြည်စိတ်ချရမှုနဲ့လဲ တိုက်ရိုက်သက်ဆိုင်တယ်။ အစိုးရတစ်ရပ် အဖွဲ့အစည်းတစ်ခုရဲ့ပုံရိပ်ကို သတင်းထုတ်ပြန်ရေးတစ်ခုတည်းနဲ့လဲ တည်ဆောက်၍ မရပါ။ စည်းစနစ်တကျစစ်ဆင်ရေး၊ အရပ်သားကာကွယ်ရေး၊ စည်းကမ်းချိုးဖောက်မှုများအပေါ် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ တာဝန်ခံမှုတို့သာလျင် ရေရှည်လေးစား ယုံကြည်မှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။
မြန်မာ့ပဋိပက္ခဟာ ကြာရှည်လာသည်နဲ့အမျှ စစ်ရေးအဆောက်အအုံများသာမက စီးပွားရေး၊ ပညာရေး၊ လူမှုဆက်ဆံရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုတိုပါ ဖျက်ဆီးလာနိုင်တယ်။
ဒါ့ကြောင့် စစ်ရေးအနိုင်အရှုံးထက် လူ့အဖွဲအစည်းတစ်ခုလုံးရဲ့ ရှင်သန်ရပ်တည်နိုင်မှုကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်။
ဒီလိုမှမဟုတ်ရင် သူ့ ငါ သတ်- ငါ့ သူသတ် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ပျက်သုဉ်းရလိမ့်မယ်။
သတင်းမှန်နဲ့ ပြန်ကြားရေး အားနည်းခြင်း-ပျက်ကွက်မှု ရှိနေခြင်းဟာ မိမိအပါအဝင် လူ့အဖွဲ့အစည်းကြီး သတ်သေစေခြင်းနဲ့ အတူတူပါ။
သတင်းပြန်ကြားရေးဟာ လူထုကို လှုံ့ဆော်ရန် လက်နက်တစ်ခု မဟုတ်ပဲ၊ အမှန်တရားကို သိရှိစေရန်နဲ့ ပဋိပက္ခလျှော့ချရေးအတွက် အခြေခံလိုအပ်ချက် တစ်ခုဖြစ်တယ်။

မူရင်းသတင်း — NP News