NP News

တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၈

ပြည်တွင်း၌ အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေသော်လည်း ပွင့်လင်းရာသီကာလဖြစ်သောကြောင့် ငွေကြေး အတန်အသင့်လည်ပတ်နိုင်သောအခြေအနေတွင်ရောက်ရှိနေသည်။ ထို့ကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်သွက် သော ကုန်စည်အများစုမှာ ဆောက်လုပ်ရေးသုံးကုန်စည်နှင့် လူသုံးကုန်အများ စုဖြစ်ကြောင်းသိရသည်။
ပြည်တွင်းရှိ အိမ်ခြံမြေ၊ ရွှေ၊ နိုင်ငံခြားငွေနှင့် ကားစသည့် တန်ဖိုးမြင့်ကုန်စည်ဈေးကွက်သည် အရောင်းအဝယ် အေးစက်နေဆဲဖြစ်သည်။ ပြည်တွင်း ရွှေနှင့်နိုင်ငံခြားငွေဈေးကွက်တွင် နိုင်ငံတကာဈေးကြောင့် ပြည်တွင်းဈေးများ လိုက်ပါမြင့်တက်ခဲ့သော်လည်း အရောင်းအဝယ်အေးနေကြသည်။
လတ်တလောတွင် နိုင်ငံတကာရွှေဈေးမှာ တစ်အောင်စလျှင် ‌ဒေါ်လာ(၄၀ဝဝ)ခန့်အထိမြင့်တက်နေခြင်း ကြောင့် အရောင်းအဝယ်အေးသွားခြင်းဖြစ်သည်။ ပြည်တွင်း အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ ဝယ်အေးနေသော် လည်း တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ရာများရှိတိုက်ခန်းများကို လိမ်လည်ရောင်းချနေကြောင်း သတိပေးစာများထွက်ပေါ် ခဲ့သည်။ တန်ဖိုးနည်း/တန်ဖိုးသင့်အိမ်ရာများရှိတိုက်ခန်းများသည် လူထုအကြား ရေပန်းစားခြင်းကြောင့် ဝယ်ယူလိုသူနှင့် ငှားရမ်းလိုသူ များပြားလျက်ရှိသည်။ လတ်တလော၌ လူသုံးကုန်ပစ္စည်းများတွင် အရောင်းအဝယ်အများ ဆုံးဖြစ်သည့် လျှပ်စစ်ပစ္စည်းဈေးကွက်သည်လည်း အ‌ရောင်း/အဝယ်နည်းပါးကြောင်း‌ ဈေးကွက်အတွင်း မှသိရသည်။
ပြည်တွင်းရှိ လူသုံးကုန်စည်အများစုမှာ ပြည်ပမှတင်သွင်းရသောကုန်စည်များဖြစ်ရာ နယ်စပ်ကုန်သွယ် ရေးလုပ် ငန်းများရပ်နားထားခြင်းကြောင့် ဈေးနှုန်းကျဆင်းခြင်းမရှိပေ။ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွင်း တရုတ်နှင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် အများဆုံးကုန်သွယ်သောနိုင်ငံများဖြစ်သော်လည်း လက်ရှိအချိန်တွင် ကုန်သွယ်မှုကျ ဆင်းနေကြောင်းသိရသည်။
တရုတ်နိုင်ငံနှင့်ကုန်သွယ်ရာတွင် တာချီလိတ် နယ်စပ်တစ်ခုတည်းသာကုန်သွယ်နိုင်သည့်အပြင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် ရန်ကုန်၊ ကော့သောင်း၊ ရနောင်း ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုတည်းဖြင့် ကုန်သွယ်နေရကြောင်း သိရသည်။ သို့သော်လည်း ကုန်စည်များမှာ မူဆယ်မှတစ်ဆင့် မန္တလေး၊ မြဝတီ မှတစ်ဆင့် ရန်ကုန်သို့ ဆက်လက်ကုန် သွယ်နေကြောင်း ကုန်သည်များထံမှသိရသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ကုန်သွယ်ရေးကျဆင်းခြင်းကြောင့် မြန်မာပြည်တွင်းရှိမော်တော် ယာဉ်အပို ပစ္စည်းများရှားပါးခြင်းနှင့် အိမ်ဆောက် ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများဈေးမြင့်တက်ခြင်းတို့ ကြုံတွေ့နေရကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်အတွင်း အခြေခံကုန်စည်နှင့်စားသောက်ကုန်ဈေး ကွက်မှာ ဈေးနှုန်းအမြင့်ပိုင်းတွင် တည်ငြိမ်နေဆဲဖြစ်ရာ ကုန်ဈေးနှုန်း ပြန်လည်ကျဆင်းရန်မလွယ်ကူ ကြောင်း ဈေးကွက်အတွင်းမှသိရသည်။

(အပြောင်းအလဲများသောဒေါ်လာနှင့် မြင့်တက်နေသောရွှေဈေး)
ယခုသီတင်းပတ် စီးပွားရေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးမှာ ယခင်သီတင်းပတ်များကဲ့ သို့ အပြောင်းအလဲများဖြစ်ပေါ်နေဆဲဖြစ်ပြီး ဗဟိုဘဏ်ပေါက်ဈေး၊ ဗဟိုဘဏ်၏အွန်လိုင်းဈေးကွက်အရ ငွေလဲလိုင်စင်ရ ဘဏ်များအကြား ပေါက်ဈေးနှင့် ပြင်ပပေါက်ဈေးဟူ၍ ကွဲပြားနေဆဲဖြစ်သည်။ ‌ဒေါ်လာပေါက်ဈေးကွဲပြားခြား နားမှု သည် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနှစ်ရပ်စလုံးအပေါ်၌ အကျိုး သက်ရောက်နေကြောင်းသိရသည်။
ပြည်တွင်းရှိလုပ်ငန်းအများစုမှာ အသေးစား အလတ်စားလုပ်ငန်းများဖြစ်ကြရာ ဒေါ်လာဈေးမြင့်တက်မှုကြောင့် နောက်ဆုံးစားသုံးသူအထိ သက်ရောက်မှု ဒဏ်ခံနေရခြင်းဖြစ်သည်။ ပြည်ပမှတင်သွင်းသော ကုန်စည်အများစုကိုသာ မှီခိုနေရသောကြောင့် ကုန်သွယ်မှုလုပ်ငန်းတွင် အကျိုးအမြတ်ရှာဖွေရာ၌ အမေရိကန်ဒေါ်လာတန်ဖိုးဖြင့် တွက်ချက် နေကြဆဲဖြစ်သည်။ လတ်တလောတွင် ကုန်သွယ်ရေးလုပ်ငန်း တစ်ခုလုံး၌ ဝယ်လိုအား သို့မဟုတ် ဝယ်နိုင်စွမ်းအား ကျဆင်းနေရာ ကုန်ဈေးနှုန်းများသာမြင့်တက်နေသော် လည်း အရောင်းအဝယ်အေးနေကြောင်း သိရသည်။
နိုဝင်ဘာလ(၃)ရက်ပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး (၄၈၄၀)ကျပ်၊ ဗဟိုဘဏ် အွန်လိုင်းပေါက်ဈေး (၃၆၆၀)ကျပ်ဝန်းကျင်နှင့် တရားဝင်ဗဟိုဘဏ်ပေါက်ဈေး (၂၁၀ဝ)ကျပ်ဝန်းကျင်တို့ဖြင့် လုပ်ငန်းများ လည်ပတ်နေကြောင်းသိရသည်။ နိုင်ငံခြားငွေလဲဈေးနှုန်းများမှာ နိုဝင်ဘာလ (၃)ရက်တွင် ပြင်ပပေါက်ဈေးများအရ ထိုင်းငွေ တစ်ဘတ်လျှင် (၁၄၃) ကျပ်၊ တရုတ်ငွေတစ် ယွမ်လျှင် (၇၂၇)ကျပ် ၊ စင်ကာပူ တစ်ဒေါ်လာလျှင် (၃၇၉၀) ကျပ် နှင့် အိန္ဒိယ တစ်ရူပီးလျှင် ( ၅၁)ကျပ် ပေါက်ဈေးဝန်းကျင် အသီးသီးရှိကြောင်း ဈေးကွက် အတွင်းမှသိရသည်။ လာမည့် ရက်များအတွင်း ပြင်ပအမေရိကန်ဒေါ်လာပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် (၄၈၀ဝ)ကျပ်ဝန်းကျင်ဖြင့် ဆက်လက်ရပ် တည်နေနိုင်သည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ ဈေးမှာ ပြင်ပအခေါက်ရွှေပေါက်ဈေးသည် ကမ္ဘာ့ရွှေ ပေါက်ဈေးနှင့် အမေရိကန်ဒေါ်လာဈေးအရ အမြင့်ဆုံးသို့ရောက်ရှိလာကြောင်းသိရသည်။ ပြင်ပအခေါက် ရွှေဈေးသည် အောက်တို ဘာလ (၂၈)ရက်တွင် တစ်ကျပ်သားလျှင် (၁၀၂)သိန်းဝန်းကျင်တွင် ဆက်လက်ရပ်တည်နေသည်။ နိုင်ငံတကာရှိ လတ်တ လောဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေများအရ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲဖြစ်ပေါ်နေခြင်းဖြစ်ပြီး ပြည်တွင်း ဈေးကွက်အပေါ် သက်ရောက်မှုနည်းပါကြောင်း မြင်တွေ့ရသည်။
ဥပမာအားဖြင့် ကမ္ဘာ့ရွှေဈေးအရ ရွှေတစ်အောင်စလျှင် တစ်ပတ်အတွင်း ဒေါ်လာ (၅၀)ဝန်း ကျင်ခန့်ကျဆင်း လာနေသော်လည်း ပြင်ပဈေးမှာ မြန်မာငွေလဲနှုန်းပေါ်မူတည်ကာ အပြောင်းအလဲနည်း ပါးခဲ့ခြင်းဖြစ်သည်။ အမှန် တကယ် ဈေးကွက်ပေါက် ဈေးအရ မြင့်တက်မည်ဆိုပါ လက်ရှိပေါက်ဈေးထက် ပိုမိုကျဆင်းလာမည်ဖြစ်သည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ရွှေအခြင်အတွယ်နှင့် အရည်အသွေးသတ်မှတ်ချက်များ ပြောင်းလဲထားခြင်း ကြောင့် လတ်တလောတွင် အရောင်းအဝယ်အေးနေကြောင်းသိရသည်။ နိုဝင်ဘာလ (၃)ရက် ပြည်တွင်းရှိ အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် (၁၆.၃၂၉၃၂၅)ဂရမ်ဈေးနှုန်းမှာ (၇၁)သိန်းကျပ် ပေါက်‌ဈေးရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်း(YGEA)ထုတ်ပြန်ချက်အရ သိရသည်။ လာမည့်ရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမှာ အရောင်း အဝယ်အေးနေသော်လည်း ဈေးနှုန်းအမြင့်ပိုင်းတွင် ရပ်တည်နေမည်ဖြစ်သည်။

(နယ်စပ်ကုန်သွယ်ရေးနှင့် အခြေခံစားသောက်ကုန်များ)
မြန်မာပြည်တွင်း နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာခြင်းကြောင့် ပြည်ပမှတင်သွင်းသော စားသောက် ကုန်များသည်လည်း ကုန်ဈေးနှုန်းမြင့် တက်ခြင်းကြုံတွေ့နေရသည်။ ထိုင်းနှင့်တရုတ်နိုင်ငံ များမှတင်သွင်းသော ကုန်စည်အများစုသည် နယ်စပ်ဒေသများသာမက ရန်ကုန်၊ မန္တလေးကဲ့သို့မြို့ကြီးများ သို့ ဆက်လက်ဝင်ရောက် နေဆဲဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် လက်နက်ကိုင်တိုက်ပွဲ များငြိမ်သက်နေခြင်းကြောင့် ကုန်သွယ်ရေးအရမူ ဆယ်မှ တစ်ဆင့် စားသောက်ကုန်များ လာရှိုးအထိ ရောက်ရှိ ရောင်းချနေဆဲဖြစ်ကြောင်း ကုန်သည်များထံ မှသိရသည်။ လာရှိုးမှ တစ်ဆင့်မန္တလေးသို့ စားသောက်ကုန်အပါအဝင် အခြေခံလူသုံးကုန်စည်များ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ရာ ‌ဒေသဆိုင်ရာလိုအပ် ချက်အရ ဆက်လက်ကုန်သွယ်မှုများရှိနေမည်ဟု သိ ရသည်။
လက်နက်ကိုင်တိုက်ပွဲများကြောင့် ယခင်ကုန် သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်ချိန်ကဲ့သို့ ကုန် စည်စီး ဆင်းမှုမရှိသော်လည်း အခြေခံစားသောက် ကုန်များမှာ ဈေးကွက်လိုအပ်ချက်အရ ရောင်းချနေဆဲ ဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်မြဝတီတွင် ယခင်ကဲ့သို့ အာရှလမ်းမကြီးမှကုန်စည်များ အလုံးအရင်းဖြင့် ကုန်သွယ်နိုင်ခြင်းမရှိသော်လည်း ကြားဖြတ်လမ်း ကြောင်းများမှ ကုန်စည်များဝင်ရောက်နေဆဲဖြစ် ကြောင်းသိရသည်။ မြန်မာပြည်ဘက်သို့ ထိုင်းနိုင်ငံမှ တင်သွင်းမှုအများဆုံးဖြစ်သော အဝတ်အထည်၊ အလှကုန်၊ အိမ်သုံးဆပ်ပြာ အစရှိသောကုန်စည်များမှာ ဆက်လက် ဝင်ရောက်နေဆဲဖြစ်သည်။
မြန်မာပြည်အတွင်းဝင်ရောက်လာသော ကုန်စည်အများစုမှာ လျှပ်စစ်ပစ္စည်းများ၊ အိမ်ဆောက် ပစ္စည်းများ၊ စားသောက်ကုန်စည်များနှင့် လူသုံးကုန် စည်များသည် ထိုင်းနိုင်ငံမှတစ်ဆင့် ကရင်ပြည်နယ်အတွင်းသို့ ဝင်ရောက် နေဆဲဖြစ်သည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့အလွန် သာမညရွာမှတစ်ဆင့် ကုန်စည်အများစုကို ဆက်လက် သယ်ဆောင်ကာ ရန်ကုန် ဈေးကွက်အတွင်းသို့ ရောက်ရှိ‌ရောင်းချနေဆဲဖြစ် သည်။
တရားဝင်အခွန်ဆောင်ပြီး တင်သွင်းလာသော ကုန်စည်များပါဝင်သလို အကောက်ခွန်မဲ့ သယ် ဆောင်ရောင်း ချသောကုန်စည်များလည်း ဈေးကွက်အတွင်း ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏နယ်စပ် ကုန်သွယ်‌ရေးသည် လက်နက် ကိုင်တိုက်ပွဲများကြောင့် ရပ်တန့်သွားသည်ဟုဆိုနိုင်သော်လည်း ဈေးကွက်လို အပ်ချက်အရ ကုန်သွယ်ရေးလမ်းကြောင်း များမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်းသိရသည်။
ဈေးကွက်လိုအပ်ချက်ကြောင့် အိမ်နီးချင်းနိုင်ငံ များမှတင်သွင်းသော အခြေခံစားသောက်ကုန်များ သည်လည်း လာမည့်ရက်များအတွင်း ဈေးနှုန်းများ ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်းသိရသည်။
(လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေဆဲ)
ပြည်ပမှတင်သွင်းလာသောကုန်စည်များတွင် လူထုအကြား အရောင်းအဝယ်အများဆုံးဖြစ်သည့် လျှပ်စစ် ပစ္စည်းနှင့် ဆောက်လုပ်ရေးသုံးအိမ်ဆောက် ပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်နေဆဲဖြစ်သည်။ လျှပ်စစ်ပစ္စည်းနှင့် လူသုံး ကုန်ပစ္စည်း အများစုမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှတင်သွင်းခြင်းဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်း အများစုမှာ လက်နက်ကိုင်တိုက်ပွဲများကြောင့် လတ်တလောတွင် အသုံးပြုရန်ခက်ခဲနေကြောင်းသိရသည်။ ပုံမှန် နယ်စပ်ကုန် သွယ်ရေးအစား တရားမဝင်ကုန်သွယ်မှုများလည်း မြင့်တက်နေရာ ကုန်ဈေးနှုန်းများမြင့်တက်နေပြီး နောက်ဆုံး အသုံးပြု သော စားသုံးသူပြည်သူများအ ကြားတွင် ကုန်ဈေးနှုန်းမြင့်တက်မှုကိုခံစားနေရသည်။
လတ်တလော လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လိုအပ်သော ဘက်ထရီအသုံးပြုအင်ဗာတာများ၊ ဆို လာများအပါအဝင် အားသွင်းလျှပ်စစ်မီးသီးများအထိ ကုန်ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။ ကာလတူ ယခင် နှစ်ဖြင့် နှိုင်းယှဉ်ပါက လျှပ်စစ်ဓာတ်အားသုံးကုန်စည်များ ထက်ဝက်ခန့် ရောင်းအားကျဆင်းနေကြောင်း သိရသည်။ ရန်ကုန် အပါအဝင်မြို့ကြီးများတွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်း‌ကြောင့် တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နှင့် လေအေးပေး စက်အပါအဝင် အိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက် အရောင်းအဝယ် အေးနေကြောင်းသိရသည်။ လက်ရှိကာလပွင့်လင်း ရာသီဖြစ်သော်လည်း အိမ်သုံးလျှပ်စစ်ပစ္စည်းများမှာ အသစ်ဝယ်ယူခြင်းထက် အဟောင်းကိုပြန်လည်ပြုပြင် သုံးစွဲခြင်း များသာ များပြားနေဦးမည်ဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည်များတွင် အဓိကအရေးပါသော ဘိလပ်မြေဈေးများမြင့်တက် ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ဆက်စပ်ကုန် စည်များမှာလည်းဈေးတက်နေကြသည်။ ယခင်က ဆောက်လုပ်ရေး လုပ်ငန်း တွင် စက်ပစ္စည်းသုံးစွဲမှု နည်းပါးခဲ့သော်လည်း လက်ရှိတွင်ခေတ်ကာလအလိုက် သံဖြတ်စက်၊ လွှစက်၊ အပေါက် ဖောက်စက်များ တွင်ကျယ်စွာသုံးစွဲလာခြင်းဖြစ်သည်။
ထို့ပြင် သစ်သားဖြင့်ဆောက်လုပ်ခြင်းအစား သံနှင့်ကွန်ကရစ် အသင့်ပြုလုပ်ထားသော ကြမ်းခင်းနံရံ အပြားများ တပ်ဆင်လာခြင်းကြောင့် ပြည်ပမှတင်သွင်းမှုမှာလည်း တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်သည်။ ကုန်ကျစရိတ် သက်သာသော ပြည်ပထုတ်ကုန်စည်များ ဈေးကွက်အတွင်း တွင်ကျယ်လာပြီဖြစ်ရာ နိုင်ငံ ခြားငွေသုံးစွဲမှုအရ ကုန်ကျ စရိတ်များမြင့်တက်နေဆဲ ဖြစ်သည်။
လတ်တလောတွင် ပြည်ပမှ ဘိလပ်မြေတင်သွင်း ခွင့်များပေးအပ်ထားရာ ဘိလပ်မြေဈေးများ ပြန်လည် ကျဆင်းလာသည်။ သို့သော်လည်း အခြားသော ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည်များမှာ ဈေးနှုန်းကျဆင်း ခြင်းမရှိ သေးချေ။ လာမည့်ရက်များအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည်ဈေးကွက်သည် ဈေးနှုန်းအမြင့်ပိုင်းဖြင့် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။

မူရင်းသတင်း — NP News