
Pika (NP News) - နိုဝင်ဘာ ၈
ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးသူ များ၏လေးပုံသုံးပုံခန့်သည် ရာသီဥတုနှင့်ဆက်စပ် သောဘေး အန္တရာယ်များကို ပြင်းထန်စွာရင်ဆိုင်နေရသည့်နိုင်ငံများတွင် နေထိုင်လျက်ရှိကြောင်း ကုလသမဂ္ဂကပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးသူများအားလုံးကို ကာကွယ်ရန်အတွက် အရေးတကြီးဆောင်ရွက်မှုများကို ချက်ချင်းလုပ်ဆောင်ကြရန် ကုလသမဂ္ဂကတိုက်တွန်းထားကြောင်း သိရသည်။
ဒုက္ခသည်များနှင့်အကြောင်း အမျိုးမျိုး ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ သန်း(၉၀)နီးပါးသည် ကမ္ဘာကြီးပူနွေးလာမှုနှင့်ဆက်စပ်သည့် ပြင်းထန်သော အန္တရာယ်များကိုရင်ဆိုင်နေရကြောင်း တူရကီနိုင်ငံ တွင်ကျင်းပမည့် COP 31 ရာသီဥတုဆိုင်ရာညီလာခံ မတိုင်မီ ရက်ပိုင်း အလိုတွင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီကထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။
ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာအေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လက်ထောက်ကော် မရှင်နာ အန်တွန်လေးစ်ဂါစီယာက “ဒုက္ခသည်တွေဟာ မတရားမှုနှစ်ဆကို ရင်ဆိုင်နေကြရပါတယ်။ သူတို့အားလုံးက သူတို့ကိုယ်တိုင်မလုပ်ခဲ့တဲ့ပဋိပက္ခ တွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ သူတို့ကိုယ်တိုင် ပါဝင်ပတ်သက်မှုအနည်းဆုံးသာရှိခဲ့တဲ့ ရာသီဥတုအကျပ်အတည်းရဲ့ ရှေ့တန်းမှာရောက် ရှိနေကြပါတယ်။ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ နှိပ်စက်ညှဉ်း ပန်းမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး ရသူတွေဟာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုတွေ၊ အသက်အန္တရာယ်ရှိ စေနိုင်တဲ့ ရေကြီးမှုတွေ၊ ပြင်းထန်တဲ့ အပူချိန်တွေကိုရင်ဆိုင်နေရတဲ့နေရာ တွေကို ရောက် ရှိနေကြပါတယ်” ဟုပြောခဲ့သည်။
ထို့ပြင် ရာသီဥတုပြောင်းလဲလာမှုများက နေရပ်စွန့်ခွာထွက်ပြေးရသူများအတွက် ရေရှည်တည် တံ့သောဖြေရှင်း နည်းများရရှိနိုင်မည့် အလားအလာများကိုလည်း ခြိမ်းခြောက်လာနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကပြောကြားခဲ့ သည်။ ယခုနှစ်ပထမနှစ်ဝက်အတွင်း နေရပ်ပြန်သွားကြသည့် ဒုက္ခသည်များအနက် သုံးပုံနှစ် ပုံကျော်သည် ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များကျရောက်နိုင်ခြေ အလွန်မြင့်မားနေသည့်နိုင်ငံများသို့ ပြန်သွားခဲ့ကြ ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြ ထားသည်။
ဆီးရီးယားနိုင်ငံတွင် မကြာသေးမီကနေ ရပ်စွန့်ခွာထွက်ပြေးရသူ(၄)သန်းနီးပါး ပြန်လည် ရောက်ရှိလာခဲ့ သော်လည်း မြေအောက်ရေလျော့နည်း လာမှုနှင့် ရာသီဥတုဆိုင်ရာထိခိုက်မှုများက ပြန်လည် ထူထောင်ရေး လုပ်ငန်း စဉ်များကို ခြိမ်းခြောက်လျက်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက ပြောကြားခဲ့သည်။
