NP News

အမေရိကန်က ယူကရိန်းကို ဒေါ်လာ(၁၆)ဘီလျံပေးအပ်ရန် ကျန်ရှိနေသေးဟု ယူကရိန်းသမ္မတဆို

Pika (NP News) - နိုဝင်ဘာ ၈

အမေရိကန်နိုင်ငံက ယခင်က ကတိပေးထားသည့်အကူအညီ အမေရိကန်ဒေါ်လာ(၁၆)ဘီလျံကို ယူကရိန်း ဆီပေးရန်ပျက်ကွက်ခဲ့ကြောင်း ယူကရိန်းသမ္မတဇယ်လန်စကီးက ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်ဘက်မှ အမေရိကန်ဒေါ်လာဘီလျံ ရာချီအကူအညီရရှိခဲ့သော်လည်း နောက်ထပ်အမေရိ ကန်ဒေါ်လာ (၁၆)ဘီလျံကိုရရှိနိုင်ရန်အတွက် ယူကရိန်းက တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း ဇီလန်စကီးက ပြောကြားခဲ့သည်။

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်များ အနိုင်ရရှိခဲ့ပြီးနောက် အမေရိကန်ထံမှ နောက်ထပ်အကူအညီပက်ကေ့ချ်ကြီးကို ယူကရိန်းက မျှော်မှန်းထားသလားဆိုသည့် သတင်းထောက်များ၏ မေးခွန်း များကို ဇယ်လန်စကီးက တုံ့ ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
ယခင်က ထောက်ပံ့ပေးခဲ့သည့် အလားတူအကူအညီကို အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက် (၂၀၂၄)ခုနှစ်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမူ ယူကရိန်း အတွက် ငွေကြေးထောက် ပံ့ရသည့်ဝန်ထုပ်ဝန်ပိုးကို ဥရောပရှိနေတိုးအဖွဲ့ဝင်နိုင်ငံများထံ လွှဲပြောင်းပေး ရန်ကြိုးပမ်းလျက်ရှိကြောင်း ဇီလန်စကီးက ဝေဖန်ပြောဆိုခဲ့သည်။
ဇယ်လန်စကီးက “အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ ယခင်က သဘောတူညီချက် တွေနဲ့ဆုံးဖြတ်ချက်တွေအရ အမေရိကန်ဒေါ်လာ (၁၆) ဘီလျံကိစ္စက ရပ်ဆိုင်းခံထားရပြီး ထောက်ပံ့ပေးတာမျိုးမရှိ သေးဘူးဆိုတာကို ကျွန်တော်တို့ထုတ်ဖော်ပြောဆိုရပါမယ်။ အရင်က ပေးအပ်ခဲ့သမျှအရာတွေအားလုံးအတွက် ကျွန်တော်တို့ဘက်က ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လည်း ဒီငွေကြေးကိုရရှိဖို့အတွက် ယူကရိန်းက တိုက်ပွဲဝင်ရပါမယ်။ အမေရိကန်ဘက်က ဘယ်သူကမှလည်း ဒီစကားကို စိတ်မဆိုးကြဖို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

သို့သော်လည်း အမေရိကန်ဒေါ်လာ(၁၆)ဘီလျံ လိုအပ်နေသေးသည်ဆိုသည့် ကိစ္စရပ်က မည်သည့်သဘောတူညီချက်များတွင် ပါဝင်သည်ကို ဇီလန်စကီးက တိတိကျကျဖော်ပြပြောဆိုခဲ့ခြင်း မျိုးမရှိခဲ့သလို ယင်းငွေကြေးကို အမေရိကန်လွှတ်တော်က တရားဝင်ခွင့်ပြုပေးခြင်းရှိ/မရှိကိုလည်း ရှင်းပြခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။
ယူကရိန်းဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အချက်အလက်များအရ (၂၀၂၂) ခုနှစ်မှ စတင်ကာ အမေရိ ကန်က ယူကရိန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၉၆) ဘီလျံခန့်ကို ခွဲဝေချထားပေးပြီဖြစ်ကြောင်း လည်းသိရသည်။
ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီ အောင်မြင်မှုရရှိခြင်းကို ဇယ်လန်စကီးက ဂုဏ်ပြုခဲ့ပြီး လာမည့်ဇန်နဝါရီလမှစတင်ပြီး ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်တော့မည်ဖြစ်ရာ ယင်းအချက်က ငွေကြေးနှင့်စစ်ဘက်ဆိုင်ရာအကူအညီများ ပြန်လည်ရရှိလာစေရန် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်မိကြောင်း ဇီလန်စကီးကပြော ကြားခဲ့သည်။

မူရင်းသတင်း — NP News