NP News

နိုင်ငံ(၃၃)နိုင်ငံကျော်၌ စားနပ်ရိက္ခာစုဆောင်းရန် သတိပေးနေချိန် ပြည်သူများ မထိတ်လန့်ကြရန် မလေးရှားဝန်ကြီးချုပ်ပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၈

ကမ္ဘာတစ်ဝန်းတွင် ပထဝီနိုင်ငံရေးတင်းမာမှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပဋိပက္ခများကြောင့် အခြေခံ အဆောက်အအုံများထိခိုက်လာနိုင်သည့် အခြေအနေများကြောင့် နိုင်ငံပေါင်း (၃၃) နိုင်ငံကျော်တွင် ပြည်သူများအနေဖြင့် အခြေခံစားနပ်ရိက္ခာများကို (၃)ရက်မှ(၁၀)ရက်စာအထိ ကြိုတင်စုဆောင်း ထားရန်အကြံပြုထားသော်လည်း မလေးရှားပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမဖြစ်ကြရန် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တိုက်တွန်းပြောကြား လိုက်ကြောင်းသိရသည်။

နိုဝင်ဘာလ(၃)ရက်ကပြုလုပ်သည့် မလေးရှားပါလီမန်အောက်လွှတ်တော် (Dewan Rakyat)အစည်းအဝေး တွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဂျပန်၊ ပြင်သစ်နှင့်ဗြိတိန် အစရှိသည့်နိုင်ငံများ၌ လက်နက်ကိုင် ပဋိပက္ခ၊ ပြင်းထန်ရာသီဥတု၊ ဓာတ်အားပြတ်တောက် မှုနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများကြောင့် ပြည်သူ များ စားနပ်ရိက္ခာနှင့်သောက်သုံးရေ ကြိုတင်စုဆောင်းမှု များရှိနေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ပြင်သစ်နှင့်ဗြိတိန်တို့တွင် အနည်းဆုံး (၇၂)နာရီစာ (၃ ရက်စာ)၊ ဂျာမနီတွင် (၁၀) ရက်စာနှင့် ဆကင်ဒီ နေးဗီးယားနိုင်ငံများဖြစ်သည့် ဆွီဒင်နှင့် နော်ဝေတို့တွင် တစ်ပတ်စာအထိ အရန်ရိက္ခာစုဆောင်း ထားရန် အကြံပြုထား ကြောင်းသိရသည်။ ဝန်ကြီးချုပ် အန်ဝါက ကမ္ဘာ့လုံခြုံရေးခြိမ်းခြောက်မှုအခြေအနေများကို ပေါ့ပေါ့တန်တန်မရှုမြင် သင့်ကြောင်း သတိပေးခဲ့သော်လည်း ပြည်တွင်း၌ မလိုအပ်ဘဲ စိုးရိမ်ထိတ် လန့်မှုမဖြစ်ပေါ်စေရန်ပြောကြားခဲ့သည်။ မလေးရှား ဝန်ကြီးချုပ်က “ဒီကိစ္စကို ကျွန်တော်တို့ ပေါ့ပေါ့ဆဆ မတွေးသင့်ပါဘူး” ဟု ပြောသည်။

ထို့ပြင် အစိုးရဌာနများနှင့် သက်ဆိုင်ရာအေဂျင်စီများအနေဖြင့် စားနပ် ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံလူသုံးကုန်များ ပြတ်လပ်မှု မရှိစေရေး နေ့စဉ် စောင့်ကြည့်စီမံလျက်ရှိကြောင်း၊ ဆိုက်ဘာလုံခြုံရေးစနစ်များကိုလည်း အထူးကြပ် မတ်ထားကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံသည် အရေးပေါ်အစည်း အဝေးခေါ်ယူရသည့်အဆင့်သို့မရောက်သေးဘဲ အခြေအနေမှန်ကို ပွင့်လင်းမြင်သာစွာအသိပေးခြင်းသာ ဖြစ်ကြောင်းနှင့် မလိုအပ်ဘဲထိတ်လန့်ခြင်းသည် နိုင်ငံ၏စွမ်းအားကို ယုတ်လျော့စေနိုင်ကြောင်း ၎င်းက ပြောကြားသည်။

မူရင်းသတင်း — NP News