
ဥရောပသမဂ္ဂ၏ နည်းပညာဆိုင်ရာ ထိန်းချုပ်ကြပ်မတ်ရေးအာဏာပိုင်များက လူမှုကွန်ရက်ပလက်ဖောင်း TikTok သည် အွန်လိုင်းအကြောင်းအရာဆိုင်ရာ အီးယူစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ နိုဝင်ဘာ ၆ ရက်တွင် စွဲချက်တင် လိုက်ပြီး အလားတူအကြောင်းအရာများကို အဆက်မပြတ်ကြည့်ရှုမိစေသည့် ၎င်း၏အကြံပြုစနစ်ကို ပြင်ဆင်ရန် တောင်းဆိုလိုက်သည်။
TikTok ၏ပိုင်ရှင် ByteDance အနေဖြင့် ထိုပြဿနာကို မဖြေရှင်းနိုင်ပါက လာမည့်နှစ်တွင် ကမ္ဘာတစ်ဝန်း နှစ်စဉ်ရရှိသည့် ဝင်ငွေ၏ ၆ ရာခိုင်နှုန်းအထိ ဒဏ်ငွေချမှတ်ခံရနိုင်ကြောင်း အီးယူက သတိပေးထားသည်။
TikTok ၏ အယ်လ်ဂိုရီသမ်က အသုံးပြုသူကို ၄င်းကြည့်ရှုနေသည့် အကြောင်းအရာနှင့် ဆင်တူသည့် ဗီဒီယိုများကို ဆက်တိုက်အကြံပြုပေးသည့် စနစ်ကို အသုံးပြုထားသည်။ ထိုသို့ အလားတူအကြောင်းအရာများကို အဆုံးမရှိ ဆက်တိုက်ကြည့်ရှုမိခြင်းကြောင့် အသုံးပြုသူများသည် ဝမ်းနည်းမှု၊ အထီးကျန်မှုနှင့် စိုးရိမ်ပူပန်မှုဆိုင်ရာ အကြောင်းအရာ များကို ထပ်ခါတလဲလဲ ထိတွေ့ မိနိုင်ပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဥရောပကော်မရှင်က ထောက်ပြခဲ့သည်။
ဥရောပကော်မရှင်သည် အီးယူ၏ နည်းပညာဆိုင်ရာထိန်းချုပ်ရေးအဖွဲ့ အဖြစ် ဆောင်ရွက်လျက်ရှိပြီး TikTok က ထိုအန္တရာယ်များကို လျှော့ချရန်နှင့် ထိရောက်သည့်အစီအမံများ ချမှတ်ရန် ပျက်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပဏာမစွဲချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင်လည်း လူမှုကွန်ရက်ပလက်ဖောင်းများ၏ အယ်လ်ဂိုရီသမ်များသည် ကလေးများ၏ စိတ်ကျန်းမာရေး ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်ဆိုသည့် စိုးရိမ်မှုများ မြင့်တက်လာနေသည်။ ထို့ကြောင့် အချို့ နိုင်ငံများတွင် အသက်မပြည့်သေးသူများ လူမှုကွန်ရက်အသုံးပြုမှုကို ပိတ်ပင်ခြင်း ၊ ကန့်သတ်ခြင်းများ ပြုလုပ်လာကြသည်။
TikTok ဘက်ကလည်း ဥရောပကော်မရှင်၏ ပြောဆိုချက်များသည် မှားယွင်းနေပြီး TikTok ၏ ဖွဲ့ စည်းပုံနှင့် သုံးစွဲသူတို့၏ လုံခြုံရေးဆိုင်ရာ ကုမ္ပဏီ၏ကတိကဝတ်များကို လိုရာဆွဲပြီးပုံဖျက်နေခြင်းဟု တုံ့ပြန်ထားသည်။
Ref: Reuters