NP News

Gemini AI နဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေလိုတဲ့အတွေးတွေ ဆွေးနွေးခဲ့တဲ့ ဆယ်ကျော်သက်သမီးအတွက် မိဘက Google ကို တရားစွဲ

ရောင်နီ (NP News) - နိုဝင်ဘာ ၉
အမေရိကန်နိုင်ငံမှာ အသက် (၁၃) နှစ်အရွယ် သမီးဖြစ်သူက Google ရဲ့ Gemini AI chatbot နဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေလိုတဲ့အတွေးတွေအကြောင်း လပေါင်းများစွာ ဆွေးနွေးခဲ့တာကို သိရှိခဲ့ရပြီးနောက် မိဘ တွေက Google ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။

နိုဝင်ဘာ (၂) ရက်က ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးမှာ တင်သွင်းခဲ့တဲ့တရားစွဲဆိုချက်အရ အဆိုပါမိန်းကလေး Emma (အမည်လွှဲ) ဟာ ကျောင်းမှပေးထားတဲ့ Chromebook ကွန်ပျူတာမှတစ်ဆင့် အသက် (၁၃) နှစ်အရွယ်မှာ Gemini AI ကို စတင်အသုံးပြုခဲ့ပါတယ်။ ၎င်းဟာ AI chatbot နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေ မယ့်နည်းလမ်းတွေအကြောင်း ဆွေးနွေးခဲ့တဲ့အပြင် မိမိရဲ့အသုဘအခမ်းအနားအတွက်ပါ ကြိုတင်စီစဉ်ခဲ့တယ်လို့ မိဘတွေက ပြောကြားထားပါတယ်။
ဒါအပြင် Gemini AI ဟာ မိန်းကလေးကို သူမရဲ့စိတ်ခံစားချက်တွေ မိသားစုဝင်တွေ မသိရှိစေဖို့ ဖုံးကွယ်ထားနိုင် မယ့်နည်းလမ်းတွေကိုလည်း အကြံပြုခဲ့တယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။ မိဘတွေဟာ သမီးဖြစ်သူ ရဲ့အခြေအနေကို ကျောင်းက အသိပေးခဲ့ပြီးနောက်မှသာ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ကျောင်းရဲ့ကွန်ပျူတာ အသုံးပြုမှုစောင့်ကြည့်ရေးစနစ်က မိန်းကလေး ရေးသားထားတဲ့အသုဘအခမ်းအနား အစီအစဉ်ဆိုင်ရာစာရွက်စာတမ်းတစ်ခုကို တွေ့ရှိခဲ့ပြီးနောက် မိဘတွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မိဘတွေက Google ဟာ Gemini AI ကို ကျောင်းသားတွေ ပိုမိုအသုံးပြုလာစေဖို့ ၎င်းရဲ့ထုတ်ကုန်တွေနဲ့ပေါင်းစပ် ထည့်သွင်းခဲ့ပေမယ့် ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှုအတွက် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေ မိဘ တွေနဲ့ ကျောင်းတာဝန်ရှိသူတွေဆီ လုံလောက်စွာ အသိပေးခဲ့ခြင်းမရှိဘူးလို့ တရားစွဲထားပါတယ်။ ဒါအပြင် မိန်းကလေး အသုံးပြုခဲ့တဲ့ Gemini 3 Flash မော်ဒယ်မှာ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေကို တုံ့ပြန်ရာမှာ ဘေးကင်းလုံခြုံမှု အားနည်းတယ်ဆိုတာ Google က သိရှိထားခဲ့ပေမယ့်လည်း လုံလောက်တဲ့ကာကွယ်မှုတွေ မပြုလုပ်ခဲ့ဘူးလို့ တရားစွဲဆိုချက်မှာ ပြောကြားထားပါတယ်။
Google ပြောရေးဆိုခွင့်ရှိသူ José Castañeda ကတော့ ကုမ္ပဏီအနေနဲ့ အဆိုပါတရားစွဲဆိုမှုမှာ ပါဝင်တဲ့ စွပ်စွဲချက်တွေကို ပြန်လည်စစ်ဆေးနေပြီး လူငယ်တွေ စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်တဲ့အအခါ ယုံကြည် စိတ်ချရတဲ့အထောက်အပံ့နဲ့ အရေးပေါ်အကူအညီတွေ ရရှိနိုင်ဖို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့‌ ပြောကြားထားပါတယ်။ တစ်ချိန်တည်းမှာပဲ Google ဟာ မိဘတွေနဲ့ ပညာရေး အသိုင်းအဝိုင်းရဲ့ဝေဖန်မှုတွေ မြင့်တက်လာခြင်းကြောင့် မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေရဲ့ ကျောင်းသုံး အကောင့်တွေမှာ Gemini AI ကို ပုံမှန် အသုံးပြုခွင့်ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

မူရင်းသတင်း — NP News