NP News

စစ်ဘက်ဆိုင်ရာ အာကာသယာဉ်တစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ရုရှားလွှတ်တင်

Pika (NP News) - နိုဝင်ဘာ ၉

ရုရှားနိုင်ငံဟာ အာခန်ဂျယ်လ်စခ်ဒေသမှာရှိတဲ့ Plesetsk အာကာသစခန်းကနေ စစ်ဘက်ဆိုင်ရာအာကာသယာဉ်တစ်စင်းကို သယ်ဆောင်ထားတဲ့ Soyuz-2.1b ဒုံးပျံတစ်စင်းကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဒုံးပျံလွှတ်တင်မှုနဲ့ အာကာသယာဉ်နေရာချထားမှုလုပ်ငန်းစဉ်တို့က ပြဿနာမရှိဘဲ အောင်မြင်စွာပြီးမြောက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ပြီးတော့သတ်မှတ်ချိန်အတွင်း အာကာသယာဉ်က ရည်မှန်းထားတဲ့ပတ်လမ်းကြောင်းအတွင်းကို သတ်မှတ်ထားတဲ့အချိန်အတွင်းရောက်ရှိခဲ့ပြီး မြေပြင်အခြေစိုက်အာကာသတပ်ဖွဲ့စနစ်တွေက ထိန်းချုပ်မှုရယူနိုင်ခဲ့ကာ ယာဉ်ပေါ်ပါစနစ်တွေအားလုံးကလည်း ပုံမှန်အတိုင်းလည်ပတ်လျက်ရှိတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အာကာသယာဉ်က ဘယ်ယာဉ်ဖြစ်တယ်ဆိုတာကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့သလို မစ်ရှင်တာဝန်ကိုလည်း ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
Soyuz-2.1b အလတ်စားဒုံးပျံတွေကို GLONASS လမ်းကြောင်းပြဂြိုလ်တုတွေ၊ Liana အီလက်ထရောနစ်ထောက်လှမ်းရေးဂြိုလ်တုတွေနဲ့ Tundra အမျိုးအစားပဲ့ထိန်းဒုံးကျည်ကြိုတင်သတိပေးစနစ်တွေတင်ဆောင်ရာမှာ မကြာခဏအသုံးပြုလေ့ရှိတာလည်းဖြစ်ပါတယ်။

မူရင်းသတင်း — NP News