NP News

Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ

ရောင်နီ (NP News) - နိုဝင်ဘာ ၉

အမေရိကန်နည်းပညာကုမ္ပဏီ Nvidia ရဲ့အမှုဆောင်အရာရှိချုပ် ဂျင်ဆင်ဟွမ်ဟာ ကုမ္ပဏီရဲ့ ရှယ်ယာ ဈေးနှုန်းသိသိသာသာကျဆင်းခဲ့ခြင်းကြောင့် ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁၅.၁) ဘီလီယံ လျော့ကျသွား ပြီး Bloomberg ရဲ့ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေစာရင်းမှာ အဆင့် ၉ မှ အဆင့် ၁၃ ထိ ကျဆင်းသွားခဲ့ပါတယ်။
နိုဝင်ဘာ (၅) ရက်က ပြုလုပ်တဲ့ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက အနိုင်ရရှိမှု များပြားခဲ့ပြီးနောက် စတော့ဈေးကွက်တွေ ကျဆင်းခဲ့ရာ ဟွမ်ရဲ့ ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀.၉ ဘီလီယံအထိ လျော့ကျသွားခဲ့ပါတယ်။ အလားတူ SpaceX တည်ထောင်သူ အီလွန်မက် ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ လည်း အမေရိကန်ဒေါ်လာ ၇၉.၇ ဘီလီယံ၊ Oracle ပူးတွဲတည်ထောင်သူ လယ်ရီ အဲလစ်ဆန် ရဲ့ ပိုင်ဆိုင်မှုတန်ဖိုး ကလည်း ၁၀.၁ ဘီလီယံ အသီးသီး လျော့ကျခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့ကို ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်နိုင်ခဲ့ရင် ဉာဏ်ရည်တု နည်းပညာ (AI) အတွက် အရေးပါတဲ့ Data Center တွေ တည်ဆောက်မှုကို ကန့်သတ်လာနိုင်မှာကို ရင်းနှီးမြှုပ်နှံသူ တွေက စိုးရိမ်ခဲ့ကြပါတယ်။ အဲဒီစိုးရိမ်မှုကြောင့် Semiconductor ချစ်ပ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ ကွန်ပျူတာ စွမ်းအား ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေရဲ့ရှယ်ယာဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။
Nvidia ရဲ့ရှယ်ယာဈေးနှုန်း ၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း တစ်ရက် အတွင်း အများဆုံးကျဆင်းမှု ဖြစ်ခဲ့ပါတယ်။ ဒါအပြင် SpaceX ရဲ့ ရှယ်ယာဈေးနှုန်း ၉ ရာခိုင်နှုန်း၊ Oracle ရဲ့ရှယ်ယာ ဈေးနှုန်း ၆.၉ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် Bloomberg Billionaires Index မှာ ပါဝင်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅ဝဝ ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးဟာလည်း နိုဝင်ဘာ ၅ ရက် တစ်ရက်တည်း မှာတင် အမေရိကန်ဒေါ်လာ ၁၈၅ ဘီလီယံ လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ Bloomberg က ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေ စာရင်းကို ၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တစ်ရက်အတွင်း ပိုင်ဆိုင်မှု တန်ဖိုး အများဆုံးကျဆင်းမှုတွေထဲက (၁၄) ခုမြောက် အများဆုံးကျဆင်းမှုဖြစ်ပါတယ်။

မူရင်းသတင်း — NP News