
Pika (NP News) - နိုဝင်ဘာ ၉
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ဘက်မှာ ရထားနှစ်စီးတိုက်မိခဲ့တာကြောင့် ရထားတွဲတွေလမ်းချော်သွားခဲ့ပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွင်း ဂီဇာမြို့ကနေ ဖာရွမ်းမြို့ကိုဦးတည်မောင်းနှင်လာတဲ့ရထားတစ်စင်းဟာ ကိုင်ရိုမြို့ကနေ အက်စ်ဝမ်မြို့တောင်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့အခြားရထားတစ်စင်းရဲ့နောက်ပိုင်းကိုဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ အီဂျစ်မီးရထားအာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူ(၁၁၂)ဦးကို ဂီဇာမြို့အနီးတစ်ဝိုက်က ဆေးရုံတွေမှာ ကုသမှုတွေ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ခြေလက်၊ တင်ပါးဆုံရိုး၊ ကျောရိုးဆစ်ကျိုးပဲ့တဲ့လူတွေ၊ ဦးခေါင်း နဲ့ မျက်နှာမှာ ပြတ်ရှဒဏ်ရာရရှိတဲ့လူတွေ၊ ရင်ဘတ်မှာ ဒဏ်ရာရရှိတဲ့လူတွေလိုမျိုး ဒဏ်ရာအမျိုးမျိုးရရှိတဲ့လူတွေ ပါဝင်တယ်လို့ သိရပါတယ်။
အီဂျစ်သမ္မတ ဖာတက်အယ်လ်စီစီက ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ပြောကြားခဲ့ပြီး မတော်တဆမှုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့လူတိုင်းကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းရောက်ရှိလာခဲ့ကြပြီး အနီးအနားက ရွာသားတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

