
ရောင်နီ (NP News) - နိုဝင်ဘာ ၉
အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့ရှိ Zoo Atlanta တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ငှားရမ်းပေးထားတဲ့ပန်ဒါဝက်ဝံနှစ်ကောင်ကို နိုဝင်ဘာ (၆) ရက်မှစ အများပြည်သူကြည့်ရှုနိုင်ဖို့ ပြသခဲ့တယ်လို့ သိရပါတယ်။
ဖန်းဖန်း နဲ့ ဖူရှောင် အမည်ရှိ ပန်ဒါဝက်ဝံနှစ်ကောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ချန်ဒူး မြို့မှ လေယာဉ်နဲ့ အတ္တလန်တာမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၄င်းတို့ဟာ လာမယ့် (၁၀) နှစ်တာကာလအတွင်း အဆိုပါတိရစ္ဆာန်ဥယျာဉ်မှာ နေထိုင်သွားရမယ်လို့ သိရပါတယ်။ ပန်ဒါဝက်ဝံနှစ်ကောင်ဟာ နေအိမ်အသစ်မှာ ဝါးပင်တွေစားကာ အနားယူရင်း သက်သောင့်သက်သာ ရှိနေတယ်လို့ Zoo Atlanta က ပြောကြားပါတယ်။
Zoo Atlanta ရဲ့အမှုဆောင်အရာရှိချုပ် ရေမွန်ကင်းက ပန်ဒါဝက်ဝံတွေဟာ ကမ္ဘာတစ်ဝန်းရှိ လူတွေအကြား စူးစမ်း လိုစိတ်၊ စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်မှုတို့ကိုဖြစ်ပေါ်စေတဲ့အပြင် လူအများကို စည်းလုံးညီညွတ်စေနိုင်တဲ့ ထူးခြားတဲ့တိရစ္ဆာန်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပန်ဒါဝက်ဝံနှစ်ကောင် ရောက်ရှိလာဖို့အတွက် တိရစ္ဆာန် ဥယျာဉ်ရှိ ၎င်းတို့နေထိုင်မယ့်နေရာကို အဆင့်မြှင့်ပြုပြင်ခဲ့ပြီး တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထား တယ်လို့ သိရပါတယ်။ ဒါအပြင် အတ္တလန်တာမြို့မှာ စိုက်ပျိုးထားတဲ့ဝါးပင်တွေကိုလည်း ရေရှည်ရရှိနိုင်ဖို့ စီစဉ်ပေး ထားတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံတကာဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တဲ့ "ပန်ဒါသံတမန်ရေး” အစီအစဉ် အဖြစ် ပန်ဒါဝက်ဝံတွေကို နိုင်ငံတကာရှိ တိရစ္ဆာန်ဥယျာဉ်တွေကို ငှားရမ်းပေးလေ့ရှိပါတယ်။ ပန်ဒါဝက်ဝံတွေဟာ ကမ္ဘာတစ်ဝန်းမှာ တရုတ်နိုင်ငံရဲ့ချစ်ကြည်ရေးသင်္ကေတတစ်ခုအဖြစ်လည်း လူသိများပါတယ်။
