NP News

ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ

ရောင်နီ (NP News) - နိုဝင်ဘာ ၉

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ အော့ချ်မြို့မှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် နိုဝင်ဘာ (၇) ရက်က မီးလောင်ကျွမ်းခဲ့ပြီး လုံးဝပျက်စီးသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး လော်ရန်နျူနက်ဇ်က ပြောကြားခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ဟာ ရဲအရာရှိရဲ့အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ရည်ရွယ်ချက်ရှိရှိ မီးရှို့တိုက်ခိုက်မှု ဖြစ်နိုင် တယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။ "ဒီလက်ခံနိုင်စရာမရှိတဲ့ရာဇဝတ်မှုဟာ ရဲအရာရှိရဲ့ အလုပ်အကိုင် ကြောင့် ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ယူဆစရာအထောက်အထားအားလုံး ရှိနေပါတယ်” လို့ နျူနက်ဇ်က ပြောကြား ခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက်ငြှိမ်းသတ်ခဲ့ပေမယ့်နေအိမ်ဟာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ တရားဥပဒေအရ အရေးယူနိုင်ဖို့ လိုအပ်တဲ့အရင်းအမြစ်တွေ အားလုံး အသုံးပြုသွားမှာဖြစ်တယ်လို့လည်း နျူနက်ဇ်က လူမှုကွန်ရက် X မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ လက်ရှိ လူနေမှုစရိတ်မြင့်တက်လာခြင်း၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ ပညာရေးကဏ္ဍ အခြေအနေ တွေအပေါ် မကျေနပ်မှုတွေကြောင့် အလုပ်သမားသမဂ္ဂတွေနဲ့ ကျောင်းသားအဖွဲ့တွေ ပါဝင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ဆန္ဒပြပွဲတွေအတွင်း အရာဝတ္ထုတွေ၊ မီးရှူးမီးပန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး လူပေါင်း (၂၃၂) ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News