NP News

အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ

ရောင်နီ (NP News) - နိုဝင်ဘာ ၉

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှ အသက်(၇၀)ကျော် အမျိုးသမီး (၈) ဦးဟာ Trot ဂီတအဖွဲ့တစ်ဖွဲ့အဖြစ် ဖွဲ့စည်းကာ ဂီတလောကကို ပွဲဦးထွက်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
Moon-o-seong Trot Girls လို့အမည်ပေးထားတဲ့ အဲဒီအဖွဲ့ဟာ ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၆ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားပြီး ၎င်းတို့ရဲ့ပွဲဦးထွက်သီချင်း Story Of Moon-o-seong ကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီသီချင်းဟာ ဘူဆန်မြို့အရှေ့ပိုင်းရှိ ကမ်းရိုးတန်းကျေးရွာတွေမှာ ဖြတ်သန်းခဲ့တဲ့ အဖွဲ့ဝင် တွေရဲ့ဘဝအတွေ့အကြုံတွေကို အခြေခံဖန်တီးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
သီချင်းစာသားတွေကို အဖွဲ့ဝင်တွေကိုယ်တိုင် ပါဝင်ရေးသားခဲ့ကြပြီး ပင်လယ်ပြင်၊ ငါးဖမ်းလုပ်ငန်းနဲ့ ကျေးရွာ နေထိုင်မှုဘဝတွေကို ထည့်သွင်းဖော်ပြထားပါတယ်။ အဖွဲ့ဝင်အများစုဟာ ဂီဂျန်းဒေသမှာ တစ်သက်လုံးနီးပါး နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး အချို့ဟာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြသလို အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုယောင်းအယ်ဟာဆိုရင် ရိုးရာအမျိုးသမီးရေငုပ်သမား Haenyeo အဖြစ် နှစ်ပေါင်း (၄ဝ) ခန့် လုပ်ကိုင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
အဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့ခြင်းဟာ တောင်ကိုရီးယား ပင်လယ်ရေကြောင်းနဲ့ ငါးလုပ်ငန်းဝန်ကြီးဌာနရဲ့ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုမှ စတင်ခဲ့တာဖြစ်ပါတယ်။ မူလအစီအစဉ်မှာ သက်ကြီးရွယ်အိုတွေ ကဗျာရေးသားနိုင်ဖို့ ရည်ရွယ်ထားပေမယ့်လည်း ၎င်းတို့ဟာ ကာရာအိုကေ သီချင်းဆိုတာကို ပိုမိုနှစ်သက်ကြတာကြောင့် Trot သီချင်း သင်တန်းတွေအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ရာမှ အခုအဖွဲ့ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ အဖွဲ့ဝင်တွေဟာ ပွဲဦးထွက် အတွက် သီချင်းဆိုခြင်းနဲ့ အကလေ့ကျင့်ခြင်းတွေပြုလုပ်ခဲ့ကြပြီး အယ်လ်ဘမ်အသံသွင်းခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါအပြင် အဖွဲ့ဝင်တွေရဲ့ဘဝဇာတ်ကြောင်းနဲ့ ဂီတလောကကို ဝင်ရောက်လာတဲ့ ခရီးစဉ် ကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News