
ရောင်နီ (NP News) - နိုဝင်ဘာ ၉
အီဂျစ်နိုင်ငံဟာ လစ်ဗျားနိုင်ငံရဲ့မြို့တော်ထရီပိုလီမြို့ရှိ သံရုံးကို (၁၂) နှစ်ကြာပိတ်ထားခဲ့ပြီးနောက် နိုဝင်ဘာလ(၇) ရက်၊ စနေနေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ကိုင်ရိုမြို့ရှိ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အခုလို သံရုံးပြန်လည်ဖွင့်လှစ်ခြင်းဟာ လစ်ဗျားနိုင်ငံ အနောက်ပိုင်းအခြေစိုက်အုပ်ချုပ်ရေးအဖွဲ့နဲ့ အီဂျစ်နိုင်ငံအကြား ဆက်ဆံရေးပြန်လည်နီးကပ်လာမှုကိုပြသတဲ့ခြေလှမ်းတစ်ရပ်လို့ ယူဆနိုင်ပါတယ်။ အခုလုပ်ဆောင်မှုဟာ အရှေ့ပိုင်း အခြေစိုက်စစ်ဘက်ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာကို အဓိကထောက်ခံ အားပေးခဲ့တဲ့ အီဂျစ်နိုင်ငံရဲ့ယခင်ရပ်တည်ချက်နဲ့ ကွဲပြားလာခြင်းလို့လည်း ဆိုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
အီဂျစ်နိုင်ငံဟာ လစ်ဗျားနိုင်ငံအတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထရီပိုလီမြို့ရှိ သံရုံးကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က လစ်ဗျားနိုင်ငံရဲ့မြို့တော်နဲ့အရှေ့ပိုင်းဒေသတို့မှာ ပြိုင်ဘက်အုပ်ချုပ်ရေး အဖွဲ့တွေ အသီးသီးပေါ်ပေါက်လာခဲ့ပြီး နိုင်ငံခြား သံရုံးအများအပြားပိတ်သိမ်းခဲ့ကြပါတယ်။ အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး ဘာဒ်အဗ္ဒယ်လတ်တီက သံရုံးပြန်လည်ဖွင့်လှစ်တဲ့အခမ်းအနားမှာ သံရုံးအဆောက်အအုံရဲ့ သမိုင်းဝင် အရေးပါမှုဟာ အီဂျစ်နဲ့လစ်ဗျားနိုင်ငံတို့အကြား ရှေးယခင်ကတည်းကရှိခဲ့တဲ့ လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ နက်ရှိုင်း တဲ့ဆက်ဆံရေးကို ထင်ဟပ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။
ရေနံထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့လစ်ဗျားဟာ ၂၀၁၁ ခုနှစ်က နေတိုးအဖွဲ့ရဲ့ကျောထောက်နောက်ခံနဲ့ ဖြစ်ပွားခဲ့တဲ့ အုံကြွမှုအတွင်း ယခင်ခေါင်းဆောင် မူအမ်မာ ကဒါဖီ ဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
