NP News

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ

ရောင်နီ (NP News) - နိုဝင်ဘာ ၉

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ဒီဝါလီမီးထွန်းပွဲတော် မတိုင်မီ နိုဝင်ဘာ (၇) ရက် စနေနေ့ နံနက်ပိုင်းက ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံး မြို့ကြီးအဖြစ် စာရင်းဝင်ခဲ့တယ်လို့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက်လေထုအရည်အသွေးစောင့်ကြည့်လေ့လာရေးအဖွဲ့ IQAir ရဲ့တိုက်ရိုက်ထုတ်ပြန်တဲ့အဆင့်သတ်မှတ် ချက်အရ သိရပါတယ်။

ဒီဝါလီပွဲတော်ကာလအတွင်း မီးရှူးမီးပန်းတွေနဲ့ ဗျောက်အိုးတွေ ဖောက်လေ့ရှိတဲ့အတွက် လေထုညစ်ညမ်း မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ IQAir ရဲ့ နိုဝင်ဘာ (၇) ရက် နံနက် (၁၀) နာရီ (၃၅) မိနစ်အချိန် ထုတ်ပြန်ချက်အရ ဒေလီမြို့ရဲ့လေထုအရည်အသွေး ညွှန်းကိန်း (AQI) ဟာ ၅၈၁ အထိ ရှိခဲ့ပြီး ကမ္ဘာ့မြို့ကြီးတွေ ထဲမှာ အဆိုးရွားဆုံးအဖြစ် ပထမနေရာမှာ ရပ်တည်ခဲ့ပါတယ်။ အိမ်နီးချင်းပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရဲ့ AQI ဟာ ၂၈၅ သာ ရှိခဲ့တာကြောင့် ဒေလီမြို့ရဲ့လေထုညစ်ညမ်းမှု အဆင့်ဟာ နှစ်ဆကျော် မြင့်မားနေခဲ့တာဖြစ်ပါတယ်။
ဒေသတွင်းမီဒီယာတွေကလည်း တရားဝင်အချက်အလက်တွေကို ကိုးကားပြီး နိုဝင်ဘာ (၆) ရက် သောကြာ နေ့မှာ ဒေလီမြို့ရဲ့လေထုညစ်ညမ်းမှုအခြေအနေဟာ ဒီဝါလီပွဲတော်မတိုင်မီ ရှစ်နှစ်အတွင်း အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ဆောင်းရာသီ စတင် ဝင်ရောက်လာချိန်မှစ လေထုညစ်ညမ်းမှုပြဿနာဟာ နှစ်စဉ်ကြုံတွေ့နေရတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အေးမြပြီး သိပ်သည်းတဲ့လေထုကြောင့် မော်တော်ယာဉ်တွေမှ ထွက်ရှိတဲ့ မီးခိုးငွေ့တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှ ဖုန်မှုန့်တွေနဲ့ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေ မီးရှို့ရာမှ ထွက်ပေါ်လာတဲ့မီးခိုးတွေဟာ လေထုအတွင်း ပိတ်မိနေပြီး လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — NP News