ဂျန်ဇက် (NP News) - နိုဝင်ဘာ ၉
ဟော်မုဇ် ရေလက်ကြားအတွင်း (သို့) အနီးဝန်းကျင်၌ သင်္ဘောများ တိုက်ခိုက်ခံရကြောင်း နှစ်နိုင်ငံစလုံးက သတင်းထုတ်ပြန်ထားသော်လည်း၊ ပဋိပက္ခအဆုံးသတ်ရေးဆွေးနွေးပွဲများ တိုးတက်မှုရှိနေသမျှ ကာလပတ်လုံး အီရန်အားထပ်မံ တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားခဲ့သည်။
၄င်းက "ဒါဟာ သူတို့အနေနဲ့ အလွန်ခိုင်မာတဲ့ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးသလား၊ မထိုးဘူးလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။အဖြေကတော့ တိုက်ခိုက်ဖို့ လိုအပ်လာနိုင်ခြေ လုံးဝ မရှိသလောက်ပါပဲ" ဟုပြောသည်။
တိုက်ခိုက်မှုများ ပြန်လည်စတင်ပါက အမေရိကန်အနေဖြင့် တစ်နာရီအတွင်းပြိုလဲသွားအောင် လုပ်နိုင်ပြီးတံတား (၃၈) စင်း အပါအဝင် တိုက်ခိုက်နိုင်သည့် အခြေခံအဆောက်အအုံပစ်မှတ်များကို စိစစ်ဖော်ထုတ်ထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်အပတ် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် အီရန်ကို အကြီးစားတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ရန် ထရမ့်က အရိပ်အမြွက်ပြောကြားခဲ့သော်လည်း အမေရိကန်၏ အကြီးစား စစ်ရေးလှုပ်ရှားမှု လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသေးကြောင်းသိရသည်။
အမေရိကန်နှင့် အစ္စရေး၏ ပစ်မှတ်များကို ပြန်လည်တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်သွားမည်ဟု အီရန်က ပြောကြားထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အီရန်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများသည် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ အီရန်၏ စစ်ရေးလှုပ်ရှားမှုများနှင့်သာ သက်ဆိုင်နိုင်ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ရေလက်ကြားအတွင်းရှိ ကက်ရှ်မ်ကျွန်း (Qeshm Island) အပါအဝင် နေရာအတော်များများတွင် ပေါက်ကွဲသံများ ကြားရပြီးနောက် အီရန်ပိုင်နက်အတွင်းသို့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှု မရှိသေးကြောင်း တာဝန်ရှိသူများက အတည်မပြုရသေးဟု အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
သို့သော်လည်း အမေရိကန်နှင့် အီရန်နှစ်နိုင်ငံစလုံးသည် ဟော်မုဇ်ရေလက်ကြားအတွင်းရှိ ရေယာဉ်များကို ဆက်လက်တိုက်ခိုက်နေကြပြီး ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော စွမ်းအင်နှင့် အခြားကုန်ပစ္စည်းများ တင်ပို့မှုကို ကန့်သတ်သကဲ့သို့ ဖြစ်နေကြောင်းl အဆိုပါ ရေလမ်းကြောင်းတွင် ရေယာဉ်နှစ်စင်း မိုင်းထိမှန်ခဲ့ပြီး တတိယမြောက် ရေယာဉ်တစ်စင်း မီးလောင်ကျွမ်းခဲ့ကြောင်း အီရန်က ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြထားသည်။