NP News

APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့်အတူ လာမည့်အပတ် တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံရန်ရှိပြီး အီရန်စစ်ပွဲအဆုံးသတ်ရေးနှင့် နျူကလီးယားလက်နက် ကင်းစင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု ယုံကြည်ကြောင်း နိုဝင်ဘာ (၈) ရက်တွင် ပြောကြားခဲ့သည်။

ရှန်ကျန်းမြို့တွင် နိုဝင်ဘာ (၁၈) ရက်မှ (၁၉) ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် APEC ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောသည်။

အမေရိကန်သမ္မတက "အစည်းအဝေးတွေထဲက တစ်ခုကတော့ သမ္မတပူတင်နဲ့ သမ္မတရှီတို့နဲ့ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါက စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်။ နျူကလီးယားလက်နက်ကင်းစင်ရေး အပါအဝင် ကိစ္စရပ်တွေ အများကြီးကို ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။ ဒါပေမဲ့ကိစ္စတွေ အများကြီး ဆွေးနွေးကြဦးမှာပါ။ အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်" ဟု ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖျင်နှင့် သမ္မတပူတင်တို့ နှစ်ဦးစလုံးနှင့် သုံးနိုင်ငံ ပူးတွဲလက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ ယင်းဆွေးနွေးပွဲသည် နျူကလီးယားလက်နက် ကင်းစင်ရေးကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း အောက်တိုဘာလအတွင်းက သမ္မတထရမ့်က ပြောကြားခဲ့ဖူးသည်။
ရုရှား၏ ဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးကို ဆွေးနွေးရန်အတွက် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေး ကို အသုံးပြုရန် ပူတင်က အဆိုပြုထားကြောင်း Wall Street Journal သတင်းစာက နောင်တွင် ဖော်ပြခဲ့သည်။ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ခု ရရှိရန် အလွန်နီးစပ်နေပြီဟု ယုံကြည်ကြောင်းသမ္မတထရမ့်က ပြောသည်။

မူရင်းသတင်း — NP News