NP News

​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင် (၂၁) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခွင့်အရေးယူ၍ မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေးနှင့် သတ်မှတ်စည်းကမ်းများအတိုင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရန် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၄) ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင် (၂၁) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးစဉ် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးစဉ် တာဝန်ကျဝန်ထမ်းများအနေဖြင့် ပြည်သူများ လုံခြုံအေးချမ်းစွာသွားလာနိုင်ရေးနှင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးကို အဓိကထား ဆောင်ရွက်ပေးရန် ၎င်းက ပြောကြားခဲ့သည်။
ပေးအပ်ထားသောဆောင်ရွက်ခွင့်အပေါ် အခွင့်အရေးယူပြီး မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေးနှင့် စည်းကမ်းနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ လုံခြုံရေးကို အမြဲမပြတ်စောင့်ကြည့်စစ်ဆေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News