
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် ယနေ့ (နိုဝင်ဘာ ၉ ရက်) တွင် နံနက် (၄) နာရီ (၃ဝ)ဝန်းကျင်ခန့်က ရေခဲသေတ္တာမီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်သွားခဲ့ကြောင်း ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သတင်းဌာနသို့ပြောသည်။
ဖြစ်စဉ်မှာ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၊ ကမာကြည်လမ်းတွင် နံနက် (၄) နာရီခွဲဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ပြီး ရေခဲသေတ္တာ Safeguard အပူလွန်ကဲ၍ မီးလောင်ရာမှ ရေခဲသေတ္တာနှင့် နေအိမ်မီးလောင်ခဲ့ကာ ဘေးရှိ အခြားနေအိမ် (၂) လုံးပါ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေခဲသေတ္တာ သုံးပြီးတော့ Safeguard အပူလွန်ကဲပြီးတော့ မီးလောင်မှုဖြစ်တာပါ။ အဲဒီအိမ်ကနေမှ ဘေးကအိမ် (၂) လုံးပါ ပါပြီး မီးလောင်သွားတာ” ဟု ၎င်းက ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် အသက် (၅၈) နှစ်အရွယ် အမျိုးသမီး (၁) ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတဲ့သူကတော့ အမျိုးသမီး (၁) ယောက်ရှိပါတယ်။ မီးလောင်ဒဏ်ရာ မစိုးရိမ်ရ အနည်းငယ် ရပါတယ်။ အသက်က (၅၈) နှစ်ပါ။ အခုလက်ရှိကတော့ ဆေးရုံကဆင်းသွားပါပြီ။ တခြားကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတဲ့သူကတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အဆိုပါ အမျိုးသမီးမှာ ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
