
သန့်ဇင် (NP News) - နိုဝင်ဘာ ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက် ဝါဒဖြန့်နေကြောင်း ဖားကန့်ပြည်သူ့စစ်ခေါင်းဆောင် ကိုခွန်နောင်က NP News သို့ ပြောသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း လူသစ်စုဆောင်းခြင်းနှင့် ဖမ်းဆီးပြန်ပေးဆွဲခြင်းကို KIA လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဖားကန့်ထဲမှာ ကျွန်တော်တို့က စုဆောင်းရေးတွေဆွဲတယ်၊ ဖမ်းတယ်ပြောနေတဲ့ကိစ္စက အဲဒါ လုံးဝမဟုတ်ဘူးဆိုတာပေါ့။ ကျွန်တော်တို့ တပ်မတော်ရော ပြည်သူ့စစ်ရောက ဖားကန့်ထဲမှာ လူသစ်စုဆောင်းခြင်း လုံးဝမရှိဘူး။ ပြီးရင် အတင်းအဓမ္မလိုက်ဖမ်းပြီး ပိုက်ဆံတောင်းတာလည်း လုံးဝမရှိဘူး။ လုံးဝမလုပ်ပါဘူး” ဟု ကိုခွန်နောင်က ပြောသည်။
ထို့ပြင် ဖားကန့်ပြည်သူ့စစ်အဖွဲ့၏ မူဝါဒတွင်လည်း အဓမ္မလူသစ်စုဆောင်းခြင်း လုံးဝမရှိကြောင်းနှင့် အဖွဲ့အတွင်း ဝင်ရောက်လာသူများသည် ခံယူချက်စိတ်သဘောထားတူသူများကိုသာ သေချာစိစစ် ခန့်အပ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ အဖွဲ့ထဲမှာလည်း မူဝါဒမှာ အတင်းအဓမ္မလူသစ်စုဆောင်းတာ လုံးဝမရှိဘူး။ ကျွန်တော်တို့ အဖွဲ့အစည်းက စိတ်သဘောထားတူညီပြီးတော့ ဝင်မယ်ဆိုရင်တောင် သေချာစိစစ်တယ်။ သဘောတူတယ်ဆိုတဲ့ လူတွေမှပဲ ကျွန်တော်တို့ လက်ခံခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် KIA အဖွဲ့က ဖားကန့်ဒေသ၌ တစ်ရက်လျှင် လူပေါင်းရာနှင့်ချီကာ အဓမ္မလူသစ်စုဆောင်းခြင်းအား လုပ်ဆောင်ပြီး ယင်းလုပ်ရပ်များအား တပ်မတော်နှင့် ဖားကန့်ပြည်သူ့စစ်အဖွဲ့တို့မှလည်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်တွင် ဝါဒဖြန့်နေကြောင်း ကိုခွန်နောင်က ဆိုသည်။
“အခုက ပြဿနာ ဘာတက်နေလဲဆိုတော့ ဆိုင်းတောင်ဘက်တွေမှာ KIO ထိန်းချုပ်တဲ့ ဒေသတွေမှာ သူတို့က လူလိုက်ဆွဲတယ်။ တစ်ရက် တစ်ရက်ကို လူရာချီဆွဲတယ်။ ပြီးရင် ပိုက်ဆံအနည်းဆုံး သိန်း (၅၀) အဲဒီလိုပြန်ရွေးခိုင်းတယ်။ သူတို့က အဲဒီလိုလုပ်တာကို တပ်မတော်ကလည်း လုပ်တာအတူတူပဲဆိုပြီး သူတို့က ဝါဒဖြန့်နေတာ” ဟု ၎င်းက ပြောသည်။