
စော (NP News) - နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးကိုတည် ဆောက်ရာတွင် ကျပ်(၆၈)ဘီလျံဖြင့် တင်ဒါစာချုပ် ချုပ်ဆိုခဲ့သော်လည်း ကျပ် ဘီလျံ(၂၀ဝ)ကျော်ကုန် ကျခဲ့ကြောင်း တည်ဆောက်ရေးကိုတာဝန်ယူခဲ့သည့် ဆန်းမြတ်ထွန်းဆောက်လုပ်ရေးလုပ်ငန်း၏ ဥက္ကဋ္ဌ ဒေါက်တာနေလင်းထွန်းက NP News ကိုပြောသည်။
(၂၀၁၀)ပြည့်နှစ် မေလနှင့် (၂၀၁၆) ခုနှစ် ဇန်နဝါရီလတို့တွင် မီးလောင်ကျွမ်းခဲ့သည့်မင်္ဂလာဈေး ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေးကုမ္ပဏီတို့ အ ကျိုးတူ ပူးပေါင်း၍ အဆင့်မြင့်ဈေးကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ရာ ဆယ်စုနှစ်နီးပါးကြာမြင့်ခဲ့ပြီး နောက် နိုဝင်ဘာလ (၅)ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းဈေးသစ်ကြီးတွင် ကားပါကင်အပါအဝင် အထပ်ပေါင်း(၁၃)ထပ်ပါဝင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် အထပ် (၅) ထပ်ရှိကာ ဆိုင်ခန်းပေါင်း (၄ယဝ၆၇)ခန်းကို မူလအမည် ပေါက်ဆိုင်ခန်းပိုင်ရှင်များအား အဓိကပြန်လည်နေရာချထားပေးခဲ့ပြီး လက်ရှိတွင် ဆိုင်ခန်းအချို့ စတင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။
“တင်ဒါကဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ ဒီဟာကို အစိုးရနဲ့တင်ဒါစချုပ်ကတည်းက သူတို့ (၆၈)ဘီလျံနဲ့တွက်တာ ကျွန်တော်တို့ ဘီလျံ (၂၀ဝ)ကျော်သွားတယ်။ အမှန်တော့ ကျွန်တော်တို့ဘဏ်ကို လည်းတင်ပြတယ်ဆိုကတည်းက (၆၈)ဘီလျံမမီရင် (၃၀)ပဲချေးသွားမယ်။ ကျန်တာ ကျွန်တော်တို့ ဘာ သာ သွားပါမယ်။ တကယ်တမ်း ကုန်ကျစရိတ် အရမ်းတက်သွားတဲ့အချိန်မှာ Cash Shortage တွေ ဖြစ် သွားတယ်။ ဘဏ်ကနေပြီးတော့ ချေးငွေထုတ်ပေးတယ်ဆိုပေမယ့် သူ Process Run ရတယ်ဆိုတော့ အခြေအနေတစ်ခုယူရတာပေါ့။ ဆိုတော့ အဲဒါတွေ နောက်က နေလိုက် ဖြည့်ပြီးတော့လုပ်လိုက်တဲ့ အခါ ကျတော့ ဒါကဖြစ်သွားတာပေါ့။ ဒီကြားထဲမှာ တကယ်တမ်း ရင်းနှီးမြှုပ်နှံမှုတက်သွားတယ်။ ဒါပေမဲ့ ကျွန် တော်တို့ အရင်ကကြိုရောင်းထားတာက ကျွန်တော်တို့ဆိုင်ခန်းတွေအားလုံး (၄၀)ရာခိုင်နှုန်း၊ (၅၀) ရာ ခိုင်နှုန်းလောက်က အရင်ဈေးနဲ့ကြိုရောင်းထားခဲ့ပြီးသား။ ကျန်တဲ့ဟာတွေကတော့ ဆောက်လုပ်ရေး ဈေးတက်သွားခဲ့တယ်”ဟု ၎င်းကပြောသည်။
အဆိုပါဈေးသစ်ကြီးတည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် ချုပ်ဆိုခဲ့သည့်စာချုပ်တန်ဖိုးမှာ ကျပ် (၆၈ ဒသမ ၃) ဘီလျံရှိပြီး ဆောက်လုပ်ရေးကုမ္ပဏီမှ ဆိုင်ခန်း နေရာများပြန်လည်ရရှိခဲ့၍ ကုန်ကျစရိတ်များကိုကုစားနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“အခက်အခဲက သွင်းတဲ့ပါမစ်က ဘာမှမရခဲ့ဘူး။ တစ်ခုမှမရခဲ့ဘူး။ ကျွန်တော်တို့က ဘာလဲ ဆို ရင် MIC သွားလျှောက်တယ်။ အချိန်မမီမှာစိုးလို့လည်း ကိုယ့်ဘာသာအပြင်မှာဝယ်သုံးရတဲ့ ပုံစံမျိုး ဖြစ် သွားတယ်။ ဈေးတွေပိုတက်သွားတာရှိတယ်။ အခုနောက်ပိုင်း ဓာတ်လှေကားသွားတဲ့ဟာကနေ တကယ် လိုအပ်တဲ့ပစ္စည်းတွေကိုတော့ မြို့တော်ဝန်ဆီ ထောက်ခံချက် ထပ်တောင်း။ တောင်းပြီးတော့မှ ထောက် ခံချက်ဒီမှာ။ ဒီအတွက်သုံးလိုပါတယ်ဆိုပြီးတော့တင်တာ။ ဓာတ်လှေကားအတွက်တစ်ခု နောက်ဆုံး ဘယ်လိုမှ ဓာတ်လှေကားကဝယ်လို့မရဘူး။ အဲဒီတော့ ဒီဟာကိုမဖြစ်မနေလိုအပ်ပါတယ်လို့ တင်တာ တောင် စိတ်ထင် (၄၊ ၅)လလောက်ကြာသွားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအတွင်းရှိ (၁၀)ပေပတ်လည်နှင့် (၅)ပေပတ်လည်ဆိုင်ခန်းများ၏ အရောင်းအဝယ်ဈေးနှုန်းနှင့် အငှားဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
“အခုတော့ ကျွန်တော်တို့က အပေါ်ထပ် (၅)ပေပတ်လည်ဆိုင်ခန်းက သိန်း(၂၅၀ဝ)၊ (၃၀ဝဝ) ကြားဖြစ်သွားတယ်။ သူတို့ရဲ့ဈေးကိုမှီပြီး ကျွန်တော်တို့ကလိုက်ထိန်းရတာ။ မေးပါတယ်။ ဈေးကိုဘယ်လို ဖွင့်လဲ ဈေးက ကျွန်တော်ဖွင့်တာမဟုတ်ဘူး။ အပေါ်မှာ စည်ပင်ဆိုင်ခန်းစာအုပ် အရောင်းအဝယ်ရှိတယ်။ အဲဒီအရောင်းအဝယ်ဖြစ်နေတဲ့စာအုပ်မှာ (၄)လွှာမှာ သိန်း(၅၀ဝ)ရောင်းရင် ကျွန်တော်က (၄)ဆကျယ်ဆို ရင် သိန်း(၂၀ဝဝ)ရောင်းတယ်။ ဒီအလွှာမှာ သိန်း (၂၅၀ဝ)ရောင်းရင် ကျွန်တော်က (၄)ဆကျယ်ဆိုရင် (၁၀ဝဝဝ)ရောင်းရတယ်။ ကျွန်တော်က သူတို့ရဲ့ဈေးနှုန်းကိုချိန်ပြီးလိုက်နားထောင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဈေးသစ်ကြီးအတွင်း ဘဏ်များ၊ ရွှေနှင့်ကျောက်မျက်ရတနာ၊ ဖန်စီပစ္စည်း၊ ဖုန်းအပို ပစ္စည်း၊ အီလက်ထရွန်နစ်နှင့်ဆက်စပ်ပစ္စည်း၊ အဝတ်အထည်နှင့်အထည်အလိပ်၊ ဆေးဆိုင်၊ အလှကုန်၊ ကုန်မျိုးစုံနှင့်စားသောက်ကုန် စသည့်ဆိုင်ခန်းများ အဓိကပါဝင်ကြောင်းသိရသည်။
ဈေးသူဈေးသားများသည် ဈေးသစ်ကြီးတွင် လေဝင်လေထွက်နည်းပါးပြီး ပူအိုက်မှုရှိသည့်အ တွက် အချို့အထပ်များ၌ လေအေးပေးစက် သို့မဟုတ် ပန်ကာများနှင့်ကြွေပြားများတပ်ဆင်ပေးရန် အပါ အဝင် အခြားလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်တောင်းဆိုမှုများရှိနေကြောင်း သိရသည်။
“Air Con မပါဘူးဆိုတာကတော့ ဘယ်ဈေးမှာမှ Air Con မပါဘူး။ ဒါပေမဲ့ အခုကျွန်တော်တို့က နောက်ပလန် လျှပ်စစ်ဓာတ်အားကိုလိုတဲ့အချိန်ပြီးရင် အအေးခန်းလိုဟာမျိုးက Cool Change မဖြစ် အောင် သူတို့ကလည်း ပူးပေါင်းပါဝင်ပြီးတော့ Air Con တပ်ဖို့စီစဉ်ပါတယ်။ စဖွင့်ကတည်းက ဒီဈေးကြီး အရင်ဖွင့်နိုင်အောင်ကြိုးစားပြီးတော့ လိုအပ်တာတွေဖြည့်ဆည်းသွားမယ်။ ဒါကြီးက ပြီးပြီး ဒီအတိုင်း ရပ် သွားမှာမဟုတ်ပါဘူး။ တခြားလိုတာ ထပ်ဖြည့်နေရဦးမှာပါ။ ဒါကြီးကစဉ်ဆက်မပြတ်ကြီး။ အဆင့်မြင့် မင်္ဂလာဈေးကြီးလိုတာ ထပ်လုပ်သွားဦးမှာ တောက်လျှောက်လုပ်သွားမှာပါ”ဟု ဈေးများနှင့် ကုန်စည်ပွဲရုံ များဌာနမှ ဌာနမှူး ဦးညီညီဦးက မီဒီယာများကိုဖြေကြားခဲ့သည်။
