ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁ဝ
လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ရှည်လာခြင်းကြောင့် ယူကရိန်းနိုင်ငံသည် လူဦးရေ ပြိုလဲ ပျက်စီးမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း The Economist သတင်းစာက ဖော်ပြခဲ့သည်။
အပတ်စဉ်ထုတ်မဂ္ဂဇင်း၏ဖော်ပြချက်အရ (၂၀၂၂)ခုနှစ်နောက်ပိုင်း ယူကရိန်းအစိုးရထိန်းချုပ် ထားသောနယ်မြေအတွင်း လူဦးရေသည် ခန့်မှန်းခြေ (၃၇)သန်းမှ (၂၇-၂၈) သန်းသို့ ကျဆင်းသွားခဲ့ကြောင်းသိရသည်။
ယူကရိန်းနိုင်ငံသား (၃)သန်းမှ (၅)သန်းခန့်မှာ ယခုအခါ ရုရှားနိုင်ငံတွင်နေထိုင်ကြပြီး လူဦးရေ(၅)သန်းကျော်မှာမူ အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်ဟုဆိုသည်။
ကိဗ်အခြေစိုက် စီးပွားရေးမဟာဗျူဟာစင်တာ (Center for Economic Strategy) ၏ အဆိုအရ (၂၀၂၂) ခုနှစ်တွင် (၇၄)ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ မိခင်နိုင်ငံသို့ပြန်ရန် အစီအစဉ်ရှိသူ ဒုက္ခသည် (၄၃) ရာခိုင်နှုန်းသာရှိပြီး တိုက်ပွဲများကြောင့် သေဆုံးသူမှာ ခန့်မှန်းခြေ (၁၅၀,ဝဝဝ)အထိရှိနေသည်။
ယူကရိန်း၏ “ကလေးမွေးဖွားနှုန်းသည် (၂၀၂၀)ပြည့်နှစ်တွင် အမျိုးသမီးတစ်ဦးလျှင် (၁ ဒသ မ ၂)ဦးမွေးဖွားခဲ့ရာမှ လက်ရှိအချိန်တွင် (ဝ ဒသမ ၈-ဝ ဒသမ ၉)သို့ကျဆင်းသွားခဲ့ကြောင်း The Economist က ထောက်ပြခဲ့ပြီး၊ လူဦးရေတည်ငြိမ်ရန် လိုအပ်သည့်မွေးဖွားနှုန်းမှာမူ (၂ ဒသမ ၁) ဖြစ်သည် ဟုသိရ သည်။
ယူကရိန်းတွင် (၂၀၂၆)ခုနှစ် ပထမနှစ်ဝက်တွင် သေဆုံးသူဦးရေသည် မွေးဖွားသူဦးရေထက် (၃) ဆကျော် ပိုများနေသည် ဟု အဆိုပါသတင်းဌာနက ဆိုသည်။ ကုလသမဂ္ဂအချက်အလက်များကိုကိုးကား ၍ The Economist ကမှတ်ချက်ပြုသည်မှာ စစ်ရေးအရ လှုပ်ရှားမှုများသည် (၂၀၃၀) ပြည့်လွန်နှစ်များအ ထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟုယူဆပါက နောင် ဆယ်စုနှစ်အနည်းငယ်အတွင်း ယူကရိန်းတွင် နှစ်စဉ် လူဦးရေ (ဝ ဒသမ ၇) မှ (ဝ ဒသမ ၉) ရာခိုင်နှုန်းအထိကျဆင်းလာနိုင်ပြီး၊ (၂၀၄၀) ပြည့်နှစ်တွင် ယူက ရိန်းနိုင်ငံ၌ လူဦးရေ (၂၅)သန်းခန့်သာ ကျန်ရှိတော့မည်ဖြစ်သည်။
ဥရောပ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ ဖြိုးရေးဘဏ် (European Bank for Reconstruction and Development) ၏အဆိုအရ ယူကရိန်းနိုင်ငံသည် လူဦးရေ (၂ ဒသမ ၅) သန်း လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် နိုင်ငံအနေဖြင့် ပြည်ပလုပ်သားအင်အားကို အဓိကအားကိုးရမည့်အခြေအနေ ရှိနေ သည်။
