
ပုလဲ (NP News) - နိုဝင်ဘာ ၁၀
ရာထူးမှထုတ်ပယ်ခြင်းခံရ၍ အယူခံတင်သွင်းသည့် ပညာရေးဝန်ထမ်းများကိုနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ပြန်လည်ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်း၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၉ ရက်) ကကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့တွင် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်း၏ ရှမ်းပြည်နယ်ရှိ ဆရာ ဆရာမ မပြည့်စုံသောကျောင်းများတွင် ဆရာ ဆရာမ ခန့်ထားပေးနိုင်ရေး၊ ပညာရေးကောလိပ်များတွင် ဒေသခံတိုင်းရင်းသားများ ပိုမိုတက်ရောက်ခွင့်ရရှိရေးနှင့် ပညာရေးဝန်ထမ်းများ ဌာနသို့ပြန်လည်ဝင်ရောက်လိုပါက ဦးစားပေး ခန့်ထားနိုင်ရေးတို့အား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ဒေသခံတိုင်းရင်းသားများထဲမှ တိုင်းရင်းသားဘာသာစာပေ သင်ကြားခွင့်ရရှိသော အခြေခံပညာကျောင်းများတွင် စာပေသင်ကြားရေးအထောက် အကူပြုအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်ကြောင်းဖြေကြားခဲ့သည်။
ထိုသို့လျှောက်ထားရာတွင် သက်ဆိုင်ရာတိုင်းရင်းသား စာပေကို အရေး၊ အဖတ်၊ သင်ကြားနိုင်သူဖြစ်ပြီး (Teaching Assistant-TA) လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်း Grade 10 အောင်မြင် ပြီးသူဖြစ်ရမည်ဖြစ်ကာ (Language Teacher-LT) လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်းမှာ မူလတန်းဆင့် ပြီးမြောက်အောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
အဆိုပြုလျှောက်လွှာများကို တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနများသို့ပေးပို့ပြီး ထိုမှတစ်ဆင့်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန(နေပြည်တော်)သို့ စိစစ်ပေးပို့ရကြောင်း၊ စိစစ်ပြီးသည့် အဆိုပြုလျှောက်လွှာများကို ပညာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းပေးပို့ရကြောင်း၊ အဆိုပါလျှောက်လွှာများအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် ဆရာအတတ်ပညာအရည် အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ သင်တန်းသို့တက်ရောက် ခွင့်ရရှိပြီး အခြေခံပညာ ဦးစီးဌာနမှ TA/LT(ပုတ်ပြတ်)အဖြစ် နှစ်စဉ်ခန့်ထားပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ဘွဲ့ရရှိပြီးသူများအတွက် ပညာရေးဒီဂရီ ကောလိပ်များတွင် ဖွင့်လှစ်လျက်ရှိသည့် ပညာရေးနှင့်သင်ပြပညာရေးဒီဂရီကောလိပ်များတွင် (Diploma in Education and Pedagogy- Dip.EP) သင်တန်းသို့ တက်ရောက်၍ မူလတန်းပြများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အခြေခံပညာဦးစီးဌာနအနေဖြင့်လည်း ဒေသအခြေအနေအရ ယာယီပိတ်ထားရသောကျောင်းများမှ သတင်းပို့ဆက်သွယ်လာသည့် ဝန်ထမ်းများနှင့် ဖွင့်ကျောင်းများတွင် ယာယီတွဲဖက်တာ ဝန်ထမ်းဆောင်လိုကြောင်း ၎င်းတို့ကိုယ်တိုင် သတင်းပေးပို့ဆက်သွယ်လာပါက သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများက စိစစ်ပြီး တွဲဖက်တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် သတင်းပေးပို့ဆက်သွယ်ခြင်းမရှိသည့် ဝန်ထမ်းများကို လစာရပ်ဆိုင်းထားခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း စသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ တာဝန်မှယာယီရပ်ဆိုင်းခြင်းခံထားရသည့် ပညာရေးဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်လိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများသို့ ကိုယ်တိုင်သတင်းပို့ဆက်သွယ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါဝန်ထမ်းအား ဌာနဆိုင်ရာ စစ်ဆေးမှုပြုပြီး အပြစ်မရှိကြောင်း အကြောင်းပြချက်ခိုင်လုံပါက အလုပ်ပြန်လည်ခန့်အပ်ပေးမည်ဖြစ်ကြောင်း၊ ရာထူးမှထုတ်ပယ်ခြင်းခံရ၍ အယူခံတင်သွင်းသူများကိုလည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ပြန်လည်ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ပြန်လည်ဖြေကြားခဲ့သည်။
