NP News

TNLA နှင့် ပူးပေါင်းခဲ့ဖူးသော မိုးကုတ်လီဆူတိုင်းရင်းသား (၂၀၀) တပ်မတော်ထံ အလင်းဝင်

ပုလဲ (NP News) - နိုဝင်ဘာ ၁၀
TNLA နှင့် ပူးပေါင်းခဲ့ဖူးသည့် မိုးကုတ်ဒေသခံ လီဆူတိုင်းရင်းသား အမျိုးသား (၁၇၈) ဦး နှင့် အမျိုးသမီး (၂၂) ဦး တို့သည် တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ အလင်းဝင်ရောက်ခြင်းအခမ်းအနားကို ယနေ့ ( နိုဝင်ဘာ ၁၀ ရက်) ၊ နံနက်ပိုင်းတွင် မိုးကုတ်မြို့ရှိ ပတ္တမြားမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
“ လက်နက်ကတော့ ရာဂဏန်းဝန်းကျင်လောက်ပဲပါတယ်။ သူတို့ ပြီးရင် ပြည်သူ့စစ်လုပ်လိမ့်မယ်” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
အခမ်းအနားတွင် အလင်းဝင်ရောက်လာသူများက ၎င်းတို့နှင့် ပါလာသော ပစ္စတို ၃ လက်၊ AK-47၊ M22၊ Type 81 သေနတ်များနှင့် ကျည်အိမ် စုစုပေါင်း ၈၄ လက်အပါအဝင် 7.62 mm ကျည် ၁,၄၆၀ တောင့်နှင့် 9 mm ကျည် ၇ တောင့်တို့ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လီဆူလက်နက်ကိုင်အဖွဲ့သည် မိုးကုတ်မြို့ကို ကာကွယ်ရန်အတွက် လီဆူအမျိုးသား ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးအဖွဲ့အဖြစ် တပ်မတော်နှင့် ဆက်လက် လက်တွဲဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၀၂၇ ကာလ မိုးကုတ်နှင့် မိုးမိတ်တိုက်ပွဲတို့အတွင်း TNLA နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဦးဂူးဆီး ဆိုသူဦးဆောင်သည့် လီဆူအဖွဲ့ဝင် (၅၀) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်နှင့်ပူးပေါင်းသွားခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့ဖူးသည်။

မူရင်းသတင်း — NP News