NP News

ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် သက်တမ်း (၅)နှစ်နှင့်အထက်ပြတ်တောက်ပါက မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက် ဆောင်ရွက်ရမည်

စော(NP News)-နိုဝင်ဘာ ၁၀
ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် သက်တမ်း (၅)နှစ်နှင့်အထက်ပြတ်တောက်ပါက မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း
မနီလာမြို့ ရှိ မြန်မာသံရုံးက ယနေ့(နိုဝင်ဘာ ၁၀ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားရာတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်း (၂) နှစ်နှင့်အထက် ပြတ်တောက်နေသူ များ သက်တမ်းတိုးလျှောက်ထားလာပါက သက်တမ်းပြတ်ဒဏ်ကြေး အမေရိကန်ဒေါ်လာ (၁၅) တိတိ ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်အား သက်တမ်းမကုန်မီ (၁)နှစ်နှင့်အထက် ကြို တင်၍ သက်တမ်းတိုးလျှောက်ထားပါက ဒဏ်ကြေးပေးဆောင်ရန် မလိုအပ်သော်လည်း သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း (၅)နှစ်နှင့်အထက်ပြတ်တောက်ပါ က တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ကို မြန်မာသံရုံးတွင် လျှောက်ထားရယူ၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ကို မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလုပ်လုပ်ကိုင်သူ (PJ) အမျိုးအစားနိုင်ငံကူးလက်မှတ် လျှောက်ထားသူများ အနေဖြင့် နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးဆောင်ရွက်ရာတွင် ဝင်ငွေခွန် ၂% အပြင် တရားဝင်ငွေလွှဲစနစ်ဖြင့် လစာဝင်ငွေ၏ ၂၅% မိသားစုလွှဲပို့ငွေကို အနီးစပ်ဆုံး (၃)လစာ လွှဲပို့ထားသည့် အထောက်အထား ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသေးသည်။

မူရင်းသတင်း — NP News