NP News

ကျေးသီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား(၁၅)ဦးအား လုပ်ငန်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိ

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား(၁၅)ဦးအား လုပ်ငန်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျေးသီးမြို့နယ်အတွင်း အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့များက စုံစမ်းရှာဖွေ ဖော်ထုတ် မှုများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့(နိုဝင်ဘာ ၉ ရက်)၊ မွန်းလွဲ (၂)နာရီခန့်တွင် ကျေးသီးမြို့နယ် နောင်ဝူးကျေးရွာ၏ တောင်ဘက် မီတာ(၂၅၀၀) ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား (၁၅) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမိသူများနှင့်အတူ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျားပေ (၄၀) အနံပေ (၂၀) ရှိ ယာယီလူနေတဲ (၂)လုံး၊ အလျား ပေ (၄၀) အနံပေ (၃၀) ရှိ ယာယီအလုပ်ရုံ တစ်လုံး၊ ပေ (၂၀) ပတ်လည်ရှိ ယာယီစားချက်ဆောင် လုံး၊ ပေ (၃၀) ပတ်လည်ရှိ ရေကန် (၁)ကန်၊ မီးစက် တစ်လုံး၊ Freezer တစ်လုံး၊ ပန်ကာရှည် (၂)လုံး၊ Router (၆)လုံး၊ All In One Computer (၂)လုံး၊ StarLink (၂)ခု၊ ဖုန်းမျိုးစုံ အလုံး (၄၀)၊ ပလတ်စတစ်ထိုင်ခုံအလုံး (၄၀) အား ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေ များနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News