
HtayOung (NP News)-နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး အားနည်းချက်များကို ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီမတိုင်မီ ပြုပြင်ရန် FATF ရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရကြောင်း South China Morning Post, SCMP (ယခုလ ပထမပတ်ထဲမှာ) ဖော်ပြတယ်။
အဓိကအားနည်းချက်များမှာ ဘဏ္ဍာရေး ထောက်လှမ်းမှုနဲ့ ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေး-တရားစွဲဆိုမှုတို့ဖြစ်ကြောင်း သိရှိရတယ်။
မြန်မာဟာ၂၀၂၂ ခုနှစ်ကတည်းက အီရန်၊ မြောက်ကိုရီးယားတို့နှင့်အတူ FATF အမည်ပျက်စာရင်း Black List ထည့်သွင်းခံထားရပြီး နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုကိစ္စတွေမှာ ပိုမိုတင်းကျပ်စွာ စိစစ်ခံနေရတယ်။
မြန်မာကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန် ကြိုးပမ်းနေကြောင်း ရိုက်တာသတင်းကို ဂျပန်က ငြင်းဆိုခဲ့ပေမယ့် သတင်းရင်းမြစ်တစ်ဦးကတော့ ရိုက်တာရေးတာ အမှန်ပဲလို့ အတည်ပြုတယ်။
နေပြည်တော်ကလည်း ဂျပန်၊ အမေရိကန်၊ တရုတ်အပါအဝင် မိတ်ဆွေနိုင်ငံများက မြန်မာရဲ့ကြိုးပမ်းမှုများကို အသိအမှတ်ပြုကြောင်း ပြောတယ်။
ဒါပေမဲ့ တိုးတက်မှု ဘယ်လောက်ရှိကြောင်း အသေးစိတ် ဖော်ပြခြင်း မရှိပါ။
စင်္ကာပူအခြေစိုက် ယူဆွတ်-အီဆတ်အင်စတီကျု့ ဧည့်သုတေသီ ဂျာရတ် ဘစ်ဆင်ဂျာကတော့ မြန်မာအစိုးရရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းခြင်းနဲ့ တရားမဝင် ဟွန်ဒီ ငွေလွှဲလုပ်ငန်းများ နှိမ်နင်းခြင်းတို့ဟာ ဟန်ပြလုပ်ဆောင်မှုများသာဖြစ်ကြောင်း ဝေဖန်တယ်။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲဖို့အတွက် လေယာဉ်ဆီတင်သွင်းနိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို မြန်မာအစိုးရ နိုင်ငံခြားငွေကြီးကြပ်မှု ကော်မတီက သွင်းကုန်စာရွက်စာတမ်းအတုများ ထုတ်ပေးခဲ့တယ်လို့ ပြီးခဲ့တဲ့လ ရိုက်တာနဲ့ Justice For Myanmar အဖွဲ့တို့က ဖော်ထုတ်ခဲ့ကြောင်း၊ အစိုးရရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ကတိကဝတ်အပေါ် သံသယဖြစ်စေတယ်လို့ သုံးသပ်တယ်။
ဂျပန်ဟာ သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံမှာ စီးပွားရေးအကျိုးစီးပွားများစွာရှိနေပြီး FATF ရဲ့ တင်းကျပ်တဲ့ စိစစ်မှုများကြောင့် ငွေလွှဲစရိတ်မြင့်တက်ခြင်း၊ ငွေပေးချေမှုကြန့်ကြာခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုအခက် အခဲများ ကြုံတွေ့နေရတယ်။
ဂျပန်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပြန်လည်တိုးတက်လာပေမယ့် အာဏာအပြောင်းအလဲမတိုင်မီအဆင့်သို့ မရောက်ရှိသေးကြောင်း မြန်မာသုတေသီ မင်းဇာနည်က ပြောတယ်။
တစ်ဖက်မှာလဲ ဂျပန်ဟာ မြန်မာ့ခေါင်းဆောင်ပိုင်းနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဒေသတွင်းနိုင်ငံဖြစ်ပြီး အစိုးရမဟုတ်တဲ့ ကြားခံများမှတစ်ဆင့် မြန်မာနဲ့အမေရိကန်အကြား ဆွေးနွေးရေးတံတားအဖြစ် ဆောင်ရွက်နိုင်တယ်။
ဂျပန်ဟာ နေပြည်တော်အစိုးရသစ်ကို တရားဝင်အသိအမှတ်မပြုသေးပေမယ့် အခြား G7 နိုင်ငံတို့လို တိုက်ရိုက်စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခြင်းမရှိပဲ အမေရိကန်နဲ့ အာဆီယံတို့မှတစ်ဆင့် ဆက်ဆံရေးထိန်းသိမ်းရန် ကြိုးပမ်းနေတယ်။
(နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ပြောရလျင် FATF တောင်းဆိုတဲ့အတိုင်း နေပြည်တော်အနေနဲ့ အလွယ်တကူ ဆောင်ရွက်နိုင်ဖွယ် မရှိပါ။ မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု ပြဿနာဟာ ဥပဒေ၊ ဘဏ်စနစ်နဲ့ နည်းပညာဆိုင်ရာ အားနည်းချက်မျှသာ မဟုတ်ပဲ၊ ပြည်တွင်းပဋိပက္ခ၊ နယ်စပ်စီးပွားရေးနဲ့ ဒေသန္တရအဖွဲ့အစည်းအချို့ရဲ့ အကျိုးစီးပွားများပါ ဆက်နွယ်နေတဲ့အတွက်ဖြစ်တယ်။)
(၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အခြားလက်နက်ကိုင်အဖွဲ့များက နယ်မြေအသီးသီးကို ထိန်းချုပ် ထားတဲ့အတွက် မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုနဲ့ တရားမဝင်ငွေကြေးစီးဆင်းမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုံစမ်းထိန်းချုပ်ရန် ခက်ခဲတယ်။
(၂) နယ်စပ်ဒေသငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုတို့ဟာ ဒေသခံအာဏာပိုင်များ၊ လက်နက်ကိုင်အဖွဲ့များနဲ့ အကျိုးစီးပွားချင်း ဆက်စပ်နေရင် နှိမ်နင်းရေးဟာ ပိုမိုခက်ခဲတယ်။ ရွှေတြိဂံဒေသမှာ မူးယစ် ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ ငွေကြေးခဝါချမှုနဲ့ လက်နက်ကိုင်အဖွဲ့များရဲ့ အကျိုးစီးပွားတို့ အပြန်အ လှန်ဆက်စပ်နေကြောင်း UNODC ကလည်း ထောက်ပြထားတယ်။
(၃) ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် စုံစမ်းစစ်ဆေးရေး၊ တရားစွဲဆိုရေးနဲ့ ဘဏ္ဍာရေးအချက်အလက် များကို ပွင့်လင်းမြင်သာစွာ စိစစ်နိုင်ရန် လိုအပ်တယ်။ အာဏာပိုင်အဖွဲ့အစည်းများကိုယ်တိုင် တရားမဝင် ကုန်သွယ်မှုနဲ့ ဆက်နွယ်ကြောင်း စွပ်စွဲမှုများရှိနေမယ်ဆိုရင် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ထိခိုက်တယ်။
အနှစ်ချုပ်အားဖြင့် FATF ရဲ့ သတ်မှတ်ချက်များကို စာရွက်ပေါ်မှာ ပြည့်မီအောင် လုပ်ဆောင်နိုင်ပေမယ့် တရားမဝင် စီးပွားရေးကွန်ရက်များ၊ အကျင့်ပျက်ခြစားမှုနဲ့ လက်နက်ကိုင်ပဋိပက္ခတို့ကို ပြတ်သားစွာ မကိုင်တွယ်နိုင်ပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အမှန်တကယ် အောင်မြင်ရန် မလွယ်ကူပါ။
(FATF က မြန်မာအပေါ် ချက်ချင်းတန်ပြန်အရေးယူခြင်း မဟုတ်သေးပဲ ပိုမိုတင်းကျပ်တဲ့ စိစစ်မှု ဆက်လက် ကျင့်သုံးရန်နဲ့ ၂၀၂၇ ဖေဖော်ဝါရီအထိ တိုးတက်မှု မရှိပါက တန်ပြန်အရေးယူမှုများကို စဉ်းစားမယ်လို့ ဆိုပါတယ်။ သတင်းဘာသာပြန်သူ)