
HtayOung (NP News)-နိုဝင်ဘာ ၁၀
၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့အကြား ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းသစ်ကြောင့် နှစ်နိုင်ငံပင်လယ်ရေကြောင်းခရီး ကြာမြင့်ချိန်ဟာ (၁၅) ရက်ခန့်မှ (၄) ရက်ခန့်ကို လျော့ကျလာဖွယ်ရှိတယ်။ အဲ့ဒီလမ်းကြောင်းဟာ မလက္ကာရေလက်ကြားကို အစားထိုးနိုင်မှာ မဟုတ်သလို ဘင်္ဂလားဒေ့ရှ်ကိုလည်း ဒေသတွင်းရေကြောင်းကုန်သွယ်ရေးဗဟိုတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲပေးနိုင်ဖွယ် မရှိပါ။ ဒါပေမဲ့ စီးပွားရေးနဲ့ သံတမန်ရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်လိမ့်မယ်လို့ မိုဟာမက် အဗ္ဗဒူ ဟာကီးက The Daily Star (8 Vovember 2026) မှာ ရေးတယ်။
(ဘင်္ဂလားဒေ့ရှ်ရဲ့ တိုင်းပြည်အရွယ်အစားနဲ့ ပထဝီနိုင်ငံရေးတည်ရှိပုံမှာ အိမ်နီးချင်း အိန္ဒိယ-မြန်မာတို့ထက် အရေးပါမှု နည်းပါးတယ်။ ဒါပေမဲ့ ရှိရင်းစွဲ ပထဝီအနေအထား၊ ကုန်သွယ်ရေးလမ်းကြောင်း၊ သဘာဝသယံဇာတ၊ ဆိပ်ကမ်းနဲ့ သံတမန်ရေးတို့ကို အသုံးချပြီး နိုငံတကာဆက်ဆံရေးမှာ သြဇာခြေဆန့်နိုင်လိမ့်မယ်လို တရုတ်ပြည် ရှန်ဒေါင်းတက္ကသိုလ်မှာ ပါရဂူဘွဲ့ သုတေသနပြုနေသူ မိုဟာမက်ဟာကီးက သုံးသပ်တယ်)
အဲ့ဒီလမ်းကြောင်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အထင်ကရ စစ်တကာင်းဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံ ကပ္ပလီပင်လယ်ကမ်းရိုးတန်းရှိ ရနောင်းဆိပ်ကမ်းတို့ကို ဆက်သွယ်ပေးထားခြင်းဖြစ်တယ်။ မဟာဗျူဟာအရ အရေးပါဖို့ဆိုတာ ယုံကြည်စိတ်ချရတဲ့ သင်္ဘောပြေးဆွဲမှု၊ နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်မှု၊ ကုန်းတွင်းသယ်ယူပို့ဆောင်ရေးကွန်ရက်များနဲ့ ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်မှုတို့အပေါ် မူတည်တယ်။
နှစ်နိုင်ငံကုန်သွယ်ရေး မညီမျှမှုက အဓိကအခက်အခဲဖြစ်နေတယ်။၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်ဒေါ်လာ ၉၁၃.၅၄ သန်းတန် ကုန်ပစ္စည်းများ တင်ပို့ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ထံမှ ဒေါ်လာ ၈၈.၀၄ သန်းတန်ဖိုးသာ ပြန်လည်တင်ပို့နိုင်ခဲ့တယ်။
အခြေအနေကြောင့် သင်္ဘောကုမ္ပဏီများအနေနဲ့ အသွားအပြန် နှစ်ကြောင်းစလုံးကုန်ပစ္စည်းလုံလောက်စွာရရှိပြီး ယှဉ်ပြိုင်နိုင်လောက်တဲ့ သယ်ယူပို့ဆောင်ခကို ထိန်းထားနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။
ဘင်္ဂလားဒေ့ရှ်ကတော့ ဆေးဝါး၊ ဂုန်လျှော်-ဂုန်လျှော်ထွက်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေးနဲ့ အကောက်ခွန်လျှော့ချဖို့ ထိုင်းနိုင်ငံကို တောင်းဆိုထားတယ်။ နှစ်နိုင်ငံကြား လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ရရှိဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ ပို့ကုန်လုပ်ငန်းရှင်များကို ထိုင်းဝယ်လက်များနဲ့ ချိတ်ဆက်ပေးခြင်း၊ ကုန် ပစ္စည်းအရည်အသွေးစံနှုန်းများ တစ်ပြေးညီစေခြင်း၊ စည်းမျဉ်းဆိုင်ရာ အတားအဆီးဖြေလျော့ပေးခြင်းတို့ကို ဆောင်ရွက်ပေးစေလိုတယ်။
အထည်အလိပ်၊ ပင်လယ်စာ၊ ပြုပြင်ထုတ်ပိုးထားတဲ့ အစားအသောက်နဲ့ သားရေထွက်ပစ္စည်းများလည်း ပို့ကုန်အခွင့်အလမ်းများ ဖြစ်လာနိုင်တယ်။ အဲ့ဒီလမ်းကြောင်းရဲ့ အောင်မြင်မှုကို သံတမန်ရေး စာရွက်ပေါ် ကိန်းဂဏန်းအရ မဟုတ်ဘဲ အမှန်တကယ် ပို့ကုန်တိုးတက်မှု၊ ပုံမှန်ကုန်စည်သယ်ယူပို့ဆောင်နိုင်မှုတို့နဲ့ တိုင်းတာသင့်တယ်။
အခြေခံအဆောက်အအုံဆိုင်ရာ အခက်အခဲများလည်း ရှိနေတယ်။ စစ်တကောင်းဆိပ်ကမ်းဟာ ၂၀၂၅ ခုနှစ်မှာ (ပေနှစ်ဆယ်ကုန်သေတ္တာ) TEU ၃.၄၀၉ သန်း ကိုင်တွယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ကုန်စည်အများစုကိုသာ ဆောင် ရွက်ပေးနေတယ်။
ဆိပ်ကမ်းပိတ်ဆို့မှု၊ အကောက်ခွန်ရှင်းလင်းရေး ကြန့်ကြာမှုနဲ့ ကုန်းတွင်းသယ်ယူပို့ဆောင်ရေး အားနည်းမှုများကြောင့် ရေကြောင်းခရီးစဉ် မြန်ဆန်လာခြင်းရဲ့ အကျိုးကျေးဇူးလေးတောင် လျော့နည်းသွားနိုင်တယ်။
မကြာသေးမီ ရနောင်းဆိပ်ကမ်းမှာလည်း တိုးတက်မှု ရှိလာပေမယ့် များများစားစား မဟုတ်သေးပါ။
ဒါ့ကြောင့် ဆိပ်ကမ်းကိုင်တွယ်နိုင်စွမ်း၊ သင်္ဘောအချိန်ဇယားနဲ့ သယ်ယူပို့ဆောင်ခများကို သင့်လျော်စွာ စီမံဖို့ လိုအပ်တယ်။
အဲ့ဒီကုန်သွယ်လမ်းကြောင်းဟာ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး BIMSTEC အဖွဲ့မှတစ်ဆင့် ဒေသတွင်းဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားကောင်းစေနိုင်တယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ မူဘောင်များကို အသုံးချပြီး ဆိပ်ကမ်းပူးပေါင်းဆောင်ရွက်မှု၊ ရေကြောင်းလုံခြုံရေး၊ အကောက်ခွန် လုပ်ထုံးလုပ်နည်း၊ သယ်ယူပို့ဆောင်ရေးကွန်ရက်များကို တိုးတက်အောင် ဆောင်ရွက်နိုင်တယ်။
ဒီနေရာမှာ သဘောတူ စာချုပ်များထက် လက်တွေ့အကောင်အထည်ဖော်နိုင်မှုက ပိုမိုအရေးကြီးတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ အာဆီယံကဏ္ဍအလိုက် ဆွေးနွေးဖက်နိုင်ငံဖြစ်လာရေးနဲ့ RCEP အဖွဲ့ဝင်ဖြစ်လာရေးကို ထိုင်းက ထောက်ခံခြင်းဖြင့် သံတမန်ရေးအရ အရေးပါမှုကို တိုးမြှင့်ပေးတယ်။ ဒါပေမဲ့ ရေကြောင်းလမ်းကြောင်းသစ်သစ်ခုတည်းလောက်နဲ့ ရည်မှန်းချက်များ အောင်မြင်ဖွယ် မရှိပါ။
လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအနေနဲ့ နှစ်နိုင်ငံအကြား လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ အွန်လိုင်းလိမ်လည်နဲ့ မူးယစ်ဆေးဝါးပြဿနာကို ဆွေးနွေးနေကြတယ်။
ကုန်စည်သယ်ယူပို့ဆောင်မှု တိုးလာသည်နဲ့အမျှ ကုန် ပစ္စည်းစစ်ဆေးမှု၊ သင်္ဘောစောင့်ကြည့်မှုနဲ့ သတင်းအချက်အလက်ဖလှယ်မှုတို့ကိုလည်း ထိရောက်စွာ ဆောင်ရွက်သင့်တယ်။
စစ်တကောင်းဆိပ်ကမ်းရဲ့ ကားလမ်း၊ ရထားလမ်း၊ ကုန်းတွင်းသယ်ယူပို့ဆောင်ရေးကွန်ရက် များကို တိုးတက်အောင်၊ ထိုင်းရဲ့ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကိုလည်း သေချာစွာ စိစစ်သင့်တယ်။
(၄) ရက်ကြာ ရေကြောင်းစဉ်ဆိုတာ အခွင့်အလမ်းတစ်ခုသာဖြစ်ပြီး မဟာဗျူဟာအရ ဩဇာတိုးမြှင့်နိုင်စွမ်းကို အလိုလျောက် ဖန်တီးပေးခြင်း မရှိပါ။
ဘင်္ဂလားဒေ့ရှ်က ပို့ကုန်တိုးမြှင့်နိုင်ခြင်း၊ ပုံမှန်ကုန်စည်ရရှိနိုင်ခြင်း၊ ပို့ဆောင်စရိတ်လျှော့ချနိုင်ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုစုံလင်လာအောင် အကောင်အထည်ဖော်နိုင်မှသာ အမှန်တကယ် အကျိုးရှိလာမယ်။
ဒါကာဟာ ဒေသတွင်း မိမိရဲ့ စီးပွားရေးနဲ့ သံတမန်ရေးအခန်းကဏ္ဍကို ပိုမိုခိုင်မာစေနိုင်မယ်။